Pages

Wednesday, December 12, 2007

မှေးမှိန်ဖျော့တော့နေသော ပိုးစုန်းကြူး...၁

“အဟွတ်...အဟွတ်...အဟွတ်”
“ဘွားမေ...နေမကောင်းဘူးလား။ ကျွန်မဈေးသွားမို့ ဘာမှာဦးမလဲ”
“အဟွတ်...အဟွတ်”
“မမှာတော့ပါဘူးကွယ်။ အသက်ကကြီးလာတော့ ဒီလိုပဲပေါ့ မိအေးရယ်”
“ဘွားမေမြေးလေး မနိုးသေးဘူးလား။ ဒီနေ့သူတို့ကျောင်းမှာ အလှူရှိတယ်တဲ့။ ဆန်ပြုတ် ကျွေးမယ်ဆိုလားပဲ။ ပန်းကန်ယူသွားဖို့မေ့နေဦးမယ်”
“အေးပါကွယ်... ငါသတိပေးလိုက်ပါ့မယ်”
“ဈေးနောက်ကျနေတော့မယ်။ သွားပြီနော်အဘွား”
“အေး...အေး”

“အဟွတ်...အဟွတ်...လူလေး... လူလေး ထတော့ကွဲ့ ကျောင်းချိန်နီးနေပြီ”
“ဟုတ်ကဲ့ သားနိုးနေပါပြီ အဘွားရဲ့”
“အဟွတ်... အဟွတ်”
“ကျောင်းသွားဖို့မြန်မြန်သွက်သွက်လုပ်”
“အဟွတ်...အဟွတ်...ဝေါ့”
“အဘွား...မသက်သာဘူးလား”
“ဒီလိုပါပဲလူလေးရယ်။ အဘွားက အဟွတ်...ဟွတ် အသက်ကကြီးပြီဆိုတော့ ကိစ္စမရှိပေမဲ့ လူလေးကိုတော့ အဘွားစိတ်မချဘူးကွယ့်” “အဟွတ်...အဟွတ်...ဟွတ်...........”
“စိတ်ချပါအဘွားရဲ့ သားလိမ္မာပါတယ်။ သားကို ဆရာမက လိမ္မာတယ်လို့ ပြောတယ်ဘွားရဲ့”
“အဟွတ်...ဟွတ် အေးပါကွယ်... ကဲ ကျောင်းနောက်ကျနေမယ် သွားရေချိုးချေ” ဘွားမေတယောက်က သူ့မြေးလေး ပြေးထွက်သွားတာကို ကြည့်ရင်း မျက်ရည်တွေ ၀ိုင်းလို့နေပါတော့တယ်။ “အင်း...ငါ့မှာလည်း တနေ့နဲ့တနေ့ ရောဂါရဲ့တိုက်စားမှုဒဏ်ကို ခံနေရပြီ။ တဖြည်းဖြည်းနဲ့ ပိုပိုဆိုးလာတယ်။ ငါသာမရှိတော့ရင် မိဘမရှိ၊ ဆွေမရှိမျိုးမရှိတဲ့ ငါ့မြေးလေးအတွက် ငါဘာလုပ်ရမလဲ။” အတွေးတို့မဆုံးခင်မှာဘဲ မြေးလေးပြန် ရောက်လာတယ်။

“ဘွား မသက်သာလို့လားဟင်၊ နေမကောင်းဘူးဆို ဆေးခန်းပြရအောင်လေ”
“ဘွားဘာမှမဖြစ်ပါဘူး လူလေးရယ်”
“ဘွား ဘာမှမဖြစ်ဘူးသာပြောတယ် ဘွားငိုနေတယ်”
“အသက်ကြီးလာတော့ ဒီလိုပဲ မျက်ရည်လို အရည်ကြည်တွေက အလိုလို ထွက်နေတတ်တယ်ကွယ့်”
“အဟွတ်...ဟွတ်...”
“အင်း ပန်းသီးလေးတလုံးစားရရင် သိပ်ကောင်းမှာပဲ”
“သား ကျောင်းသွားပီနော်ဘွား”
“အဟွတ်...ဟွတ်...”

“ကလောင်...ကလောင်...ကလောင်”
“ကဲ... ကလေးတို့ရေ ဒီနေ့ကျောင်းမှာ မွေးနေ့အလှူအတွက် ကြက်သားဆန်ပြုတ်တိုက်တဲ့ အလှူရှင်တွေ ကတော့ နှင်းပွင့်(ဘလော့ဂ်ဂါမဟုတ်ပါ)တို့မိသားစုပဲဖြစ်တယ်။ သားတို့သမီးတို့က အလှူရှင်တွေအတွက် ဆုတောင်းပြီးမှ စားကြနော်”
“ဟုတ်ကဲ့ပါ ဆရာမ”
“ဆရာမ”
“သြော်...သမီး”
“မေမေက ဆရာမအတွက် ပန်းသီးပေးလိုက်တာပါဆရာမ”
“အေး..အေး ကျေးဇူးတင်ပါတယ်လို့ ဆရာမပြောတဲ့အကြောင်း သမီးအမေကို ပြောလိုက်နော်”
“ဟုတ်ကဲ့ ဆရာမ” ကျောင်းသား/သူများအားလုံး ထုံးစံအတိုင်း စာမသင်ရတော့ လွတ်လွတ်လပ်လပ် ဆော့တဲ့သူက ဆော့၊ စားတဲ့သူက စားနေကြလေသည်။ ထိုအချိန်တွင် နှင်းပွင့်တို့ မိသားစုနှင့် ဆရာမစကား ပြောပြီး အတန်းထဲသို့ ပြန်ဝင်လာသည်။

“ဟင်...ကျွန်မပိုက်ဆံအိတ်မရှိတော့ဘူး”
“ဘာဖြစ်တာလဲဆရာမ”
“ကျွန်မပိုက်ဆံအိတ် ခြင်းတောင်းပေါ်တင်ထားတာ ခုမရှိတော့ဘူး”
“ဘယ်လိုလုပ်မလဲ ဆရာမ”
“ကျွန်မပိုက်ဆံအိတ်ထဲမှာ ကျွန်မအမေပေးထားတဲ့လက်စွပ်တကွင်းပါတယ်။” ပြောနေရင်းနှင့် ဆရာမမျက်နှာ ပြင်တခုလုံး နီမြန်းလျက် မျက်ရည်စတို့တွေ့လိုက်ရလေသည်။
“ဘာဖြစ်ကြတာလဲ”
“ဆရာမပိုက်ဆံအိတ်ပျောက်သွားလို့ပါ ဆရာမကြီး” အတန်းထဲသို့ဝင်လာသော ကျောင်းအုပ်ဆရာမကြီးအား နှင်းပွင့်အမေက ၀င်ပြောလိုက်သည်။ ကျောင်းအုပ်ဆရာမကြီးက
“ကျောင်းသား/သူအားလုံး အပြင်လုံးဝမထွက်ဘဲ ကိုယ့်နေရာမှာကိုနေကြပါ။ မင်းတို့ဆရာမပိုက်ဆံအိတ် ပျောက်သွားလို့ မင်းတို့ပစ္စည်းတွေကိုထုတ်ထားပါ။” တတန်းပြီးတတန်းရှာလာလိုက်တာ လူလေးထိုင်တဲ့ အတန်းကို ရောက်လာပါတယ်။ ဆရာမတွေစစ်လာတာနီးလာလေ လူလေးချွေးပြန်လာလေပါပဲ။ လူလေးတို့ အတန်းကို ဆရာမကြီးက ပစ္စည်းတွေရှာဖို့ရောက်လာတယ်။ လူလေးလည်း ချွေးတွေပြန်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေတယ်။
“လူလေး မင်းလွယ်အိတ် ဆရာမကြီးကိုပေး”
“သားမယူထားပါဘူးဆရာမကြီး”
“ယူယူ၊ မယူယူ ဆရာမကြီးတို့က တာဝန်အရစစ်ရမှာပဲ”


ဆက်ရန်...
သည်းခံပြီးစောင့်မျှော်ပေးကြပါဦးနော်...

2 comments:

သဇင်ဏီ said...

ကောင်းနေမှကွာ...
အဘွားကိုသတိရသွားတယ်..ဒီပို့စ်ကိုဖတ်ပြီးတော့
ဆက်ဖတ်ဖို့မျှော်နေမယ်

Chaos said...

ဒီပိုစ့်လေး
အမြန်ရေးနော်
တယ်ရင်း
အခုနဲနဲစဖတ်ရတာတောင်
ိစိတ်ကမကောင်းချင်တော့ဘူး
မျှော်နေမယ်နော်