Pages

Sunday, August 31, 2008

တစ်နှစ်ပြည့်ပြီ...

မီးလေးဘလော့ဂ် ဘာလိုလိုနဲ့ Aug 21က တစ်နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ...
မီးလေးဆီကို လာလည်ကျတဲ့ ဘလော့ဂ်ဂါ အကို၊ အမ၊ ညီလေး၊ ညီမလေးများ အားလုံးနဲ့ သည်းခံပြီး လာဖတ်ပေးကြတဲ့ စာဖတ်သူများအားလုံးကို ဦးစွာပထမ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်...
ဒီဘလော့ဂ်လေး ဖန်တီးခဲ့စဉ်က မအားတဲ့ကြားက အစစအရာရာ ကူညီပံ့ပိုးပေးတဲ့ မီးလေးရဲ့ ချစ်သူ...
ဒီကြားထဲမှာ မအားတော့လို့ ဘလော့ဂ်ကို သိပ်မသွားဖြစ်၊ ပို့စ်တွေလည်း သိပ်မရေးဖြစ် ဖြစ်ခဲ့ချိန်မှာ မီးလေးက ဘလော့ဂ်လေးကို ဖျက်ဖို့စဉ်းစားနေခဲ့စဉ် သူရဲ့ အားပေးကူညီမှုကြောင့် ဒီနေ့ အထိ ဘလော့ဂ်သက်တမ်း ရှိလာခဲ့တာပါ...
ဒါကြောင့် မီးလေးရဲ့ချစ်သူကိုလည်း ကျေးဇူးတင်ပါတယ်...

ဘလော့ဂ်စရေးစဉ်အခါက မြန်မာစာဖောင့်မရေးတတ်လို့ မတောက်တခေါက် အင်္ဂလိပ်လိုနဲ့ စတင်ရေးခဲ့ချိန်မှာ မြန်မာစာဖောင့်ရေးနည်းနှင့်တကွ လိုအပ်ချက်များအား လမ်းညွှန်ပြောပြပေးတဲ့ zeRoTraSh ကိုလည်း ကျေးဇူး အထူးတင်ရှိပါကြောင်း...
ကိုရန်အောင်၊ ကိုမောင်လှတို့ရဲ့ ဘလော့ဂ်တွေကနေ ဘလော့ဂ်ရေးနည်းတွေ သိမှတ်ခဲ့ရ လို့လည်း ဒီနေ့ဒီလိုဖြစ်လာရတာပါ...
ပညာတွေဖြန့်ဝေပေးတဲ့ ဘလော့ဂ်များအားလုံးလည်း အားလုံးထက်သာတဲ့ ပညာရှင်ကြီးတွေ ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်...
ဘလော့ဂ်လေး အဆင်ပြေချောချောမွေ့မွေ့ဖြစ်အောင် ၀ိုင်းဝန်ပံ့ပိုးပေးကြသော ဘလော့ဂ်ဂါများ အားလုံးနှင့်တကွ ကျန်ရှိနေသေးသော ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးအထူးတင် ရှိပါကြောင်း...
နောက်များလည်း ဆက်လက်အားပေးကြပါဦး...
ဆက်၍ကြိုးစားပါဦးမည်....

Saturday, August 23, 2008

HIV/AIDS ဝေဒနာရှင်များအား ၀ိုင်းဝန်းကူညီကြပါစို့...

ခုတလော မီးလေးစိတ်မကောင်းဖြစ်မိတာ တခုရှိတယ်။ မီးလေးတို့ ကောင်ဆယ်လင်းလုပ်တယ်ဆိုတာ ဆေးကုတယ်လို့ အချို့က ထင်ကြတယ်။ မီးလေးတို့ ဆေးကုတာမဟုတ်ပါဘူး စိတ်ဓာတ်ကျနေတဲ့ ရောဂါဝေဒနာရှင်တွေကို နှစ်သိမ့်ဆွေးနွေး အကြံပေးတာပါ။ ခုဆို HIV/AIDS ရောဂါပိုး သွေးစစ်တော့မယ် ဆိုရင် နှစ်သိမ့်ဆွေးနွေးခံယူပြီးမှ သွေးစစ်ကြဖို့ ပညာပေးဇာတ်လမ်းတွဲတွေ နေ့တိုင်းလိုလို မြန်မာ့အသံ/ မြ၀တီကနေ ထုတ်လွှင့်ပြသနေပါတယ်။ ဒါကလည်း အရေးကြီးဆုံးအပိုင်းမှာ ပါပါတယ်။ ရောဂါပိုးရှိ/ မရှိ သိဖို့ပဲ အရေးကြီးတာ မဟုတ်ပါဘူး။ ရောဂါပိုးရှိလာပြီဆိုရင်ရော ဘာလုပ်ကြမလဲ? ဘာလုပ်သင့်သလဲဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ ဘယ်လောက်ပဲ ပညာတွေတတ်တတ် Control လုပ်နိုင်ဖို့ အင်မတန်ရှားပါတယ်။ Counselling လုပ်တာ အပိုအလုပ်လို့ အချို့က ထင်နေကြတယ်။
မီးလေးတို့ အပိုမလုပ်ပါဘူး အလုပ်ကို အလုပ်နဲ့ပဲ သက်သေပြပါတယ်။ ကိုယ်နဲ့လာဆွေးနွေးတဲ့ Clientက Counselling Roomက ထွက်သွားတာနဲ့ ကိုယ့်ကိုယ်ကို Confident ရှိလာရမယ်။ သူ့အတွက် မျှော်လင့်ချက်တွေ ရှိလာရမယ်။ ဘာဆက်လုပ်ရမယ်ဆိုတာ Clientကိုယ်တိုင် ဆုံးဖြတ်နိုင်လာရပါတယ်။ Clientကို ကြည့်လို့ ဒီလိုပုံစံဖြစ်မနေဘူးဆိုရင်တော့ ဒီCouncellor က Councelling မနိုင်တာလား။ Client က Crisis ရနေတာလား မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ရပါမယ်။ ပုံမှန်အနေအထားဆိုတာက စိတ်မမှန်တာကို ပြောတာပါ။ Crisis ရနေတဲ့ Client တဦးကို Councellor က အတင်း Councelling ၀င်လို့မရပါဘူး။ Councellor တဦးက Client မျက်နှာကို ဖတ်တတ်ရပါမယ်။ Councellor တဦးမှာ ရှိသင့်ရှိအပ်တဲ့ အချက်များနဲ့ စိတ်နေစိတ်ထားမှာ အားလုံးပါပါတယ်။ နောက်တခုက Concellorနဲ့ Clientပဲ အပေးအယူမျှနေလို့ မဖြစ်ပါဘူး။ Client နဲ့ မိသားစုလည်း အပေးအယူမျှဖို့ လိုပါတယ်။ Client တဦးက Councellorဆီ အားကိုးပြီး အမြဲ လာနေုပြီဆို ဒါCouncelling မပီပြင်တာပါပဲ။ ကျွန်တော့အိမ်မှာ ကျွန်တော့ကို ၀ိုင်းပစ်ပယ်ထားကြတယ် ဆရာမရယ်။ ဆရာမတို့က ကျွန်တော်ပြောသမျှလည်း နားထောင်ပေးတယ် ဆရာမဆီလာရင် ကျွန်တော် စိတ်သက်သာရာရပြီလို့ဆိုလာရင် Councellor ကိုယ့်ကိုယ်ကိုသာ သတ်သေဖို့ကောင်းတော့တယ်။
Crisis Counseling, Problem-solving Counseling, Decision-making Counseling, Family Counseling ဆိုပြီး တို Counselling အမျိုးမျိုးရှိပါတယ်။ Family Counselingပါပြီးသားပါ မိသားစုတွေကို Counseling လုပ်ပေးဖို့လိုပါတယ်။ တချို့က ရှက်လို့ မလာချင်ကြတာတွေ အများကြီးရှိပါတယ်။ ရှိနေလို့လည်း ခုလို နိဒါန်းတွေ အရှည်ကြီးပျိုးနေရတာပါ။ ဇာတ်လမ်းက ခုမှစမှာ ဒါတောင် အတော်ရှည်နေပြီ… ဟီ ဟိ

Client က အသက်၄၀ကျော် အမျိုးသားတဦးပါ။ သူက ဟိုင်းဝေးကားမောင်းပါတယ်။ သူ့မှာ ရောဂါပိုးရှိတယ် ဆိုတာသိတာနဲ့ သားသမီးတွေက သူနဲ့အတူ မနေကြတော့ပါဘူး။ အမျိုးသမီးကတော့ ဆုံးသွားတာ ၆နှစ်လောက် ရှိပြီပြောပါတယ်။ သူက ရောဂါနည်းနည်းပြင်းထန်နေလို့ ဆေးရုံတက်နေရတဲ့ လူနာတယောက် ဒါပေမဲ့ သူ့သားသမီးတွေက ကုန်ကျစရိတ်တော့ ပေးတယ်။ လာကြည့်ဖော်တော့မရဘူး သူ့ညီကပဲ လာပြီး ပြုစုပေးနေရတယ်။ သူ့သားသမီးတွေက ပညာတတ်တွေပါ။ တယောက်က ကျောင်းပြီးပြီ၊ တယောက်က ဆေးကျောင်းတက်နေတယ်။ မီးလေးတို့ Counseling လုပ်တဲ့အချိန်မှာ ဦးက ဒီရောဂါဖြစ်လာတဲ့အတွက်ကို ခံနိုင်ရည်လည်းရှိတယ်၊ စိတ်ဓာတ်လည်းမကျဘူး၊ ဘာလုပ်ရမယ်ဆိုတာလဲ သိတယ် ဆရာမ။ ဦးတို့က ကားသမားတွေဆိုတော့ လိင်ကိစ္စမရှောင်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ဦးရဲ့ သားနဲ့သမီးက ရောဂါပိုးရှိတယ်ဆိုထဲက သူ့အဒေါ်အိမ်မှာပဲ သွားနေကြတော့တယ်။ အဲဒီ့အချိန်ထဲက သူတို့ကို ဦးမတွေ့ရတော့ဘူး။ ဦးမသေခင်တော့ သူတို့လေးတွေကို မြင်သွားချင်ပါတယ်လို့ ပြောရင်း သူ့မျက်ဝန်းထဲက မျက်ရည်စတွေ ထိုးထွက်လာပါတယ်။ မီးလေးရင်ထဲမှာ တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်။ အစတည်းက မျက်ရည်လွယ်တဲ့သူဆိုတော့ ရင်ထဲမှာ ဆို့တက်လာတယ်။ တချိန်ထဲမှာပဲ တီချယ် Dr.အေးမြတ်လွင် ပြောတဲ့ “Clientရဲ့Historyတွေက အရမ်းသနားစရာကောင်းနေတဲ့ အခါ သူတို့ရဲ့ ဇာတ်လမ်းတွေထဲမှာ ကိုယ်ပါနစ်မျောမနေရဘူး။ ကိုယ်ပါ လိုက်နစ်မျောနေမယ်ဆိုရင် Counseling မပီပြင်ဘူး” ဆိုတဲ့စကားကို နားထဲမှာ ပြန်ကြားယောင်လာမိတယ်။ စိတ်ကို အတတ်နိုင်ဆုံးထိန်းပြီး လောလောဆယ် ဦးရဲ့ ကျန်းမာရေးက အရေးကြီးကြောင်း၊ အရင်ဆုံး နေကောင်းအောင် လုပ်ဖို့လိုကြောင်း အားပေးစကားပြောပြီး ဖြစ်နိုင်ရင် သားနဲ့သမီးကို ခေါ်ပြီး Family Counselingလုပ်ပေးမယ်။ ဦးအနေနဲ့ သေချာပြောပြပြီး ခေါ်လာခဲ့ဖို့ ပြောပြီး ထိုလူနာအခန်းထဲက ပြန်ထွက်လာချိန်မှာတော့ အဲဒီ့ဦးမျက်နှာပဲ မြင်နေပြီး တော်တော်လေး စိတ်မကောင်းဖြစ်မိပါတယ်။ မြန်မာနိုင်ငံမှာ Conselling လုပ်တာ တော်တော်လည်း ဖွံ့ဖြိုးမှု အားနည်းနေသေးတာ စဉ်းစားမိရင်း ယူကြုံးမရဖြစ်မိပါတယ်။
တခြားနိုင်ငံတွေမှာ Counselingကို တော်တော်ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါပြီ။ ဒီမှာတော့ Counseling လာလုပ်ပြီဆိုရင် လူတွေက အထင်သေးတဲ့ မျက်လုံးနဲ့ ၀ိုင်းကြည့်ကြပါတယ်။ ဟိုမှာလေ အေကိုက်နေတာ။ အဲတော့ ဘယ်သူက လာချင်မှာလဲ။ ရောဂါဖြစ်ရတဲ့ အကြောင်းအရင်းသာ အရေးကြီးပါတယ်။ ဒီရောဂါပိုးရှိတာနဲ့ လိင်ကိစ္စလိုက်စားတယ်ဆိုတာ ပုံသေမရှိပါဘူး။ တခြားအခြေအနေတွေက တဆင့်လည်း ကူးစက်နိုင်ပါတယ်။ ဥပမာ- လိင်ကိစ္စလုံးဝ မလိုက်စားဘူး၊ ဆေးလိပ်မသောက်ဘူး၊ ကွမ်းမစားဘူး ဒါပေမဲ့ ဆေးမှင်ကြောင်တော့ ထိုးတယ်။ ထိုးတဲ့အခါမှာ သူငယ်ချင်းတွေ မျှသုံးကြတယ်။ သူငယ်ချင်းတွေထဲ တယောက်က HIVပိုးရှိနေတယ်ဆိုရင် ဆေးထိုးအပ်ကတဆင့် ကူးစက်နိုင်ပါတယ်။ အဲလိုကူးစက်ခံရတဲ့ လူတွေလည်း ရှိပါတယ်။ ကိုယ့်မှာ ဒဏ်ရာရှိနေတဲ့အခါ ရောဂါပိုးရှိသူရဲ့ သွေးကို သွားကိုင်မိလို့ ကူးစက်ခံရတာ။ တချို့ဆို ရွာတွေ(မဖွံ့ဖြိုးသေးတဲ့ရွာ)မှာ ဆေးထိုးအပ်ကို ပြုတ်ပြီး သုံးနေတုန်းပါပဲ။ ထိုမှတဆင့် ကူးစက်ခံရတာ ရှိပါတယ်။ အဲဒီ Clientက အသက် ၈၀ကျော် အဘွားတဦးပါ။
ခုနောက်ပိုင်းမှာ လူငယ်တော်တော်များများ ရောဂါပိုးရှိသူတွေကို တတတ်တအား ၀ိုင်းဝန်းကူညီနေကြတာ တွေ့ရလို့ အတိုင်းမသိ ၀မ်းသာမိပါတယ်။ Counseling Centreတွေမှာ ဒီလူ ဘာလာလုပ်တယ်ဆိုတာ မသိနိုင်အောင် လူငယ်စင်တာတွေ၊ ဆေးခန်းတွေ၊ ဓာတ်ခွဲခန်းတွေနဲ့ ရောထားကြပါတယ်။ ရောထားလိုက်ခြင်းအားဖြင့် ဒီလူ ဒီနေရာကို လာတယ်ဆိုတာတော့သိတယ်။ ဒါပေမယ့် သူ ဘာလာလုပ်တယ်ဆိုတာ အပြင်ပန်းကနေ မဝေဖန်ကြတော့ဘူး။ ဆေးခန်းလာပြတာလည်း ဖြစ်နိုင်တယ်၊ လူငယ်စင်တာလာတာလည်း ဖြစ်နိုင်တယ်လေ။ ဒါက ဒီမှာလိုက်လုပ်နေရတဲ့ အခြေအနေလေ။ မိဘမှာ ဒီရောဂါရှိလို့ သားသမီးက ပြစ်ပယ်တယ်ဆိုတာ မလုပ်သင့် မလုပ်ကောင်းပါဘူး။ နောက်ဆုံး မိဘက ဘာကြီးပဲ ဖြစ်နေပါစေ မိဘက မိဘပါပဲ။ ဒီလိုအချိန်မှာ သားသမီးတွေအတွက် ကျေးဇူးဆပ်ဖို့ အခွင့်အရေး ပေါ်လာတယ်လို့ သဘောထားပြီး ဂရုစိုက်ပြုစုပေးသင့်ပါတယ်။ ပြီးတော့ ပညာတတ်တွေလေ မိဘက ဒီအခြေအနေထိအောင် ပြုစုပျိုးထောင်လာပြီးပြီ။ ပညာတွေ ဘယ်လောက်ပဲ တတ်နေပါစေ မသိတတ်ရင် အဲဒီလူ ဘယ်တော့မှ ကြီးပွားတိုးတက်မှာ မဟုတ်ဘူး အလကားပဲ။ အတူတူနေရုံနဲ့ ရောဂါမကူးစက်နိုင်ဘူး ဆိုတာကို တော်တော်များများ အသိပညာပေးထားပြီးသားပါ။ သိလားဆိုတော့ သိတယ် ဒါပေမဲ့ လက်တွေ့မလုပ်နိုင်ကြဘူး။ စာဖတ်သူတို့ရဲ့ ပတ်ဝန်းကျင်မှာ အဲဒီလိုလူတွေရှိရင် ၀ိုင်းဝန်းဖြောင်းဖျပေးကြပါ။ Counselingလုပ်ဖို့ လိုအပ်ရင် မီးလေးအီးမေးလ်ကနေတဆင့် Conseling လုပ်ပေးပါမယ်။ မီးလေးကို အီးမေးလ်နဲ့ တဆင့်ဆက်သွယ်ချင်တယ်ဆိုရင် meilay1986@gmail.com ကနေတဆင့် ဆက်သွယ်နိုင်ပါတယ်။

Tuesday, August 19, 2008

အချစ်စမ်းကြမယ်

ဒီပို့စ်လေးက ဘလော့ဂ်ဂါ ကိုဇော်သက်ပို့တဲ့ မေးလ်ကနေ ကူးယူတင်ပြခြင်းဖြစ်ပါတယ်...
ချစ်သူတွေကြား အချစ်စမ်းကြည့်ရအောင်လား

လက်မထပ်မီ
ကောင်လေး။ ။ သိပ်ကောင်းတာပဲ။ ငါ့မျှော်လင့်တဲ့နေ့ ရောက်လာခဲ့ပြီ။
ကောင်မလေး။ ။ နင် နောင်တရမလား
ကောင်လေး။ ။ ဟာ.. တစ်ခါမှ အဲဒီလို မစဉ်းစားမိဘူး။
ကောင်မလေး။ ။ ငါ့ကို တကယ်ချစ်လား
ကောင်လေး။ ။ တကယ်ပေါ့။
ကောင်မလေး။ ။ ငါ့အပေါ် သစ္စာဖောက်မှာလား။
ကောင်လေး။ ။ အဲဒီလို တစ်ခါမှ မတွေးထားမိဘူး။
ကောင်မလေး။ ။ ငါ့ကို တစ်ခါလောက် နမ်းပါလား။
ကောင်လေး။ ။ အင်း.. တစ်ခါထက်ကို မကဘူး။
ကောင်မလေး။ ။ ယူပြီးရင် နင်ငါ့ကို ရိုက်မှာလား။
ကောင်လေး။ ။ လုံးဝ မဖြစ်နိုင်တာ
ကောင်မလေး။ ။ ငါ နင့်ကို ယုံရမလား...
လက်ထပ်ပြီးနောက်
စာကို အောက်မှ အထက်သို့ တစ်ခေါက်ပြန်ဖတ်ပါ။

ကိုယ့်အပေါ် တကယ်ချစ်တဲ့သူနဲ့တွေ့ပြီး ပြုံးပျော်နိုင်ကြပါစေ...

Saturday, August 9, 2008

စိုသောလက် မခြောက်မီ

သူငယ်ချင်းတို့ရေ
ရှေးအခါက အဘိုးအိုတဦးမှာ သမီးသုံးယောက်ရှိသတဲ့...
တနေ့မှာတော့ အဘိုးအိုဟာ သူ့ရဲ့ သမီးတွေကို အိမ်ထောင်ချထားပေးဖို့ စီစဉ်သတဲ့...
ဒါပေမယ့် သမီးတွေက အိမ်ထောင်မပြုချင်သေးဘူးဆို ငြင်းကြသတဲ့...
အဘိုးကြီးလည်း ဘာလိုလုပ်ရင် ကောင်းမလဲလို့ စဉ်းစားရတာပေါ့...
တနေ့တော့ အဘိုးအိုဟာ ခုလို အကြံရသွားပါတော့တယ်...

အဘိုးအိုက သူ့သမီးသုံးယောက်လုံးကို ရေဇလုံသုံးခုနားမှာ တန်းစီပြီး ရပ်နေစေလိုက်တယ်...
ပြီးတော့ အားလုံးကို တပြိုင်နက်တည်း ရေဇလုံထဲကို လက်နှစ်ခိုင်းလိုက်သတဲ့...
ရေဇလုံထဲက လက်ကို ထုတ်ခိုင်းပြန်သတဲ့...
ရေတွေက လက်ကနေ စက်လက်ကျနေတာပေါ့...
အဘိုးအိုက ရေနှစ်ထားတဲ့လက် အရင်ခြောက်သွားတဲ့သူကို အိမ်ထောင်ချပေးမတဲ့လေ...

အငယ်ဆုံးသမီးလေးက သမီးမယူဘူး၊ သမီးမယူဘူးဆိုပြီး လက်ခါပြီးငြင်းသတဲ့...
ကဲ လက်အရင်ခြောက်သွားတာ ဘယ်သူဖြစ်မလဲ ?
လက်ခါတဲ့ အငယ်ဆုံးသမီးပဲပေါ့ လက်ခါတော့ စက်လက်ကျနေတဲ့ လက်ကရေတွေက စင်သွားတယ်လေ...
ဒီတော့ အရင်ဦးဆုံးခြောက်သွားတဲ့ အငယ်ဆုံးသမီးလေးကို အိမ်ထောင်ချပေးလိုက်သတဲ့...
သူငယ်ချင်းတို့ကို အိမ်ထောင်ပြုဖို့တိုက်တွန်းလာရင် လက်သာခါပေတော့...
သားသမီးရှိတဲ့ သူငယ်ချင်းတွေက အတင်းငြင်းနေပြီဆို သတိသာထားပေတော့ ဗျို့...

တွေးပြီးမှ ပြုံးပါ...
သူငယ်ချင်းများအားလုံးကို လေးစားလျက်

Tuesday, August 5, 2008

မီးလေးဧပရယ်ခရီးသွားမှတ်တမ်း(ဇာတ်သိမ်း)

အောင်ပန်းက အသိအိမ်မှာ တည်းကြပြီး ထိုအိမ်နားမှာ ရှင်ပြုအလှူတခုနဲ့ ကြုံခဲ့ရပါတယ်။ ရှမ်းအိုးစည် သံကြားလို့ သွားထွက်ကြည့်တော့ အလှူ့ရှင်အိမ်ကို အဖွဲ့လိုက် အဖွဲ့လိုက် ရှမ်းရိုးရာအက ကကြပြီး ဆုတောင်းပေးကာ အလှူရှင်မှ ဆုချီးမြှင့်ပါတယ်။ အလှူရှင်က မမောမပန်းနိုင်ဘဲ ရှမ်းလွယ်အိတ်ကြီးလွယ်ကာ ကတဲ့အဖွဲ့တိုင်း လိုက်ကခြင်းကို ကြည့်ခြင်းဖြင့် သူ့ရဲ့ပီတိကို ခံစားလို့ရနိုင်ပါတယ်။ စာရေးသူတို့လည်း မနက်ဖြန် ခရီးဆက် ရဦးမှာမို့ ပြန်လာခဲ့ကြပါတော့တယ်။

မနက်၅နာရီ အိပ်ယာထပြီး အပြင်ထွက်လိုက်တယ်ဆိုရင်ပဲ ချမ်းစိမ့်တဲ့ လေနုအေးက စီးကြိုနေပါတော့တယ်။ ရန်ကုန်မှာဆို ကြောကွဲအောင် ပူနေမှာပဲလို့လည်း တွေးမိပါတယ်။ ပင်းတယသွားတဲ့ လမ်းတလျှောက် အေးလို့ အနွေးထည်တောင် ၀တ်ထားရပါတယ်။ ကုံလုံဆရာတော်ဘုရား ရုပ်ကလာပ်တော်ကိုလည်း ၀င်ရောက် ဖူးမျှော်ပြီး ပင်းတယလှိုဏ်ဂူုကို သွားရောက်ဖူးမျှော်ခဲ့ပါတယ်။ ပင်းတယလှိုဏ်ဂူထဲမှ ဘုရားအဆူပေါင်း များစွာတို့သည်လည်း လွန်စွာမှ ကြည်ညိုဖွယ်ကောင်းလှပါတယ်။ ဈေးဆိုင်တန်းများမှ လက်ဘက်၊ ရှမ်းပဲပုပ်နှင့် ရေနွေးကြမ်းများ ခေါ်တိုက်ကြပါတယ်။ စာရေးသူတို့လည်း ၀င်သောက်ရင်း လက်ဆောင်ပေးဖို့ ၀ယ်ကာ ပြန်လာကြ ပါတယ်။ ထိုမှတဖန် ကလော နှီးဘုရားသို့လည်း သွားရောက်ဖူးမျှော်ပြီး၊ မြင်းမထိလှိုဏ်ဂူသို့လည်း သွားရောက်ဖူးမျှော်ခဲ့ကြပါတယ်။

ထို့နောက် အောင်ပန်းသို့ပြန်လာပြီး မိတ္ထီလာကားစီး၍ သာစည်သို့ ညနေ ၄နာရီခွဲမှာ ပြန်လာကြပါတယ်။ လမ်းတလျှောက် စာရေးသူလည်း ဘုရားစာ အတော်များများ ရွတ်ဖတ်ပွားများခဲ့ရပါတယ်။ အကြောင်းက လမ်းကလည်းကြမ်း၊ ပတ်ပတ်လည် ကလည်း တောင်တွေကြီး မြေပြန့်ဆိုတာ နတ္ထိ မြင်ရဖို့ကို ဝေးရော ကားဖြတ်သွားရင်း နောက်ကဖုန်တွေ အလိပ်လိုက်တက်လာပြီး အနောက်ကိုတောင် မမြင်ရပါဘူး။ အချို့နေရာတွေမှာတော့ လမ်းပြင်တာတွေကို တွေ့ရပါတယ်။ တောင်ပေါ်တက်လိုက်၊ တောင်အောက် ဆင်းလိုက်နဲ့ မျက်စိတဆုံး တောင်တွေကြီးပါပဲ။ ကားပေါ်ပါလာတဲ့ တချို့ခရီးသည်တွေကလည်း ဟိုနေ့ကမှ သားအဖနှစ်ယောက် ကားပေါ်က ပြုတ်ကျပြီး ဒီနားမှာ သေထားတာ၊ ရန်ကုန်-တောင်ကြီးကား ဘယ်ရက်က ချောက်ထဲပြုတ်ကြတာနဲ့ စာရေးသူရဲ့ မျက်နှာ ဇီးရွက်လောက်ပဲ ရှိတော့တယ်။ ကားကလည်း မောင်းတဲ့နှုန်းက ဖြူးနေတဲ့ လမ်းကို မောင်းနေတဲ့အတိုင်းပဲ။ လမ်းကလည်း ဆိုးဆိုတော့ စဥ်းစားသာကြည့်ပါတော့။ ရထားနဲ့ သွားတုန်းကတော့ ဘာမှန်းတောင်မသိလိုက်ဘူး။ လမ်းမှာ တောမီးလောင်နေတာလည်း တွေ့ခဲ့ရတယ်။ ည၈နာရီလောက်မှာ လက်ဘက်ရည်ဆိုင်တခုမှာ ကားရပ်နားပြီး ဆက်လက် ထွက်ခွာလာခဲ့ ကြပါတယ်။

နေရာတော့ မသိတော့ဘူး နားတဲ့နေရာထိ တောင်တွေ မကုန်သေးပါဘူး။ ဘုရားငါးဆူရောက်မှပဲ မြေပြန့်ကို မြင်ရပါတယ်။ ဘုရားငါးဆူပြီးရင်ပဲ သာစည်မြို့ကို ည ၉နာရီခွဲမှာ ပြန်ရောက်ပါတယ်။ နောက်နေ့မနက်၈နာရီမှာ ဆိုင်ကယ်နဲ့ သာစည်မှာရှိတဲ့ ဘုရားသို့ သွားရောက်ဖူးမျှော်ပြီး မိတ္ထီလာသို့သွားကာ မိတ္ထီလာကန်ကြည့်ပြီး ပြန်လာကြပါတယ်။ နောက်နေ့ တရက်နားပြီး ၂၇ရက်နေ့ မနက် ၇နာရီ ၄၅ရထားနဲ့ ရန်ကုန်သို့ ပြန်လာကြ ပါတယ်။
ဖြူးမြို့အလွန်ဘူတာမှာ ရထားပျက်ပါတယ်။ ပျက်တဲ့အတွဲကို ၄င်းဘူတာမှာပဲ ချန်ထားခဲ့ဖို့ စီစဉ်ကြပါတယ်။ ပျက်သွားတဲ့အတွဲက စားသောက်ခန်းတွဲပါ။ ခရီးသည်တော်တော်များများက ပျက်မှာပေါ့ မတရားယူတာကိုး ရေသန့်တဗူး ၄၀၀ဆိုပြီး ၅၀၀တန်ပေးရင် နောက်မှယူဆို ပြန်မအမ်းတော့ဘူး မင်းတို့ကောင်တွေ ကျန်ခဲ့တာအေးရောလို့ မကျေမနပ်ပြောကြပါတယ်။ ထိုဘူတာမှာ ၄၅မိနစ်လောက်ကြာပြီး ဆက်လက်ထွက်ခွာ လာပါတယ်။ စာရေးသူတို့ပဲ ကံဆိုးတာလား မသိပါဘူး။ ပဲခူးဘူတာ ၀င်ကာနီးမှာ တခါထပ်ပျက်ပါတယ်။ အိမ်တွေလည်းမရှိ မီးရောင်ကလည်း ကားသွားမှသာ မြင်ရတာ။ မှောင်မှောင်ကြီးထဲ ဘေးတဖက် တချက်ကလည်း မြက်ခင်းတွေချည်း အောက်လည်းမဆင်းရဲ နာရီဝက်လောက် ကြာပြီးတော့ ပြန်ကောင်း သွားပါတယ်။ ပုံမှန်ဆို ည၈နာရီ ရန်ကုန်ဘူတာ ၀င်ရမည့်အစား ည ၁၀နာရီမှ ရန်ကုန်ဘူတာကို ရောက်ပါတယ်။ စာရေးသူရဲ့ ဧပရယ်လ်လ ခရီးသွားမှတ်တမ်းလည်း ဒီမှာတင် နိဂုံးချူပ်လိုက်ပါတယ်။

မီးလေးဧပရယ်ခရီးသွားမှတ်တမ်း-၆

ညနေ ၁နာရီခွဲလောက်မှာ ရထားကြီးဟာ ဘ၀သံသရာ တံတားကြီးကို ဖြတ်သန်းရောက်ရှိလို့ လာခဲ့ပါတယ်။ တံတားကြီးကို စတင်ဖြတ်မယ့်နေရာကနေ တံတားကြီးအရှည်ကို လှမ်းကြည့်မယ်ဆိုရင် ကြောက်စရာကောင်း ပါတယ်။ တောင်ပေါ်ကနေ တောင်အောက်ကို ဆင်းဖို့ ဆောက်ထားတဲ့တံတားကြီးကို တဖြည်းဖြည်းနဲ့ ဆင်းလာလိုက်တာ အပေါ်ပြန်ကြည့်လိုက်တော့ တံတားကြီးဟာ ကိုယ့်ရဲ့အပေါ်မှာလည်းရှိနေတယ် အောက်မှာလည်း ရှိနေပြန်ပါတယ်။ ဒီတံတားကြီးကို တည်ဆောက်ထားတဲ့ အင်ဂျင်နီယာတွေကို လေးစားဂုဏ်ယူ မိပါတယ်။ တံတားကိုသာ ရထားဖြတ်လာပေမယ့် မြေပြန့်မှာ သွားနေတဲ့ အတိုင်းပါပဲ ဘာမှမသိသာပါဘူး။
ညနေ၂နာရီခွဲလောက်မှာ ရွှေညောင်ကို ရောက်ရှိခဲ့ပါတယ်။ ဟိုတယ်မှာ ရေမိုးချိုး အနားယူကြပြီး အိပ်ယာဝင်ခဲ့ ကြပါတယ်။ မနက် ၇နာရီမှာ ကားငှားပြီး ညောင်ရွှေကို ခရီးဆက်ခဲ့ပြန်ပါတယ်။ ညောင်ရွှေမှာ တခါသုံး ကင်မရာ ၀ယ်လို့ရမဲ့ နေရာမေးပြီး လျှပ်စစ်ပစ္စည်းဆိုင်ကို သွားဝယ်တော့ ဖလင်နဲ့ရိုက်တာတွေပဲရှိတယ်။ ခရီးစဉ်က ရှိသေးတော့ ၁သောင်းခွဲတန် ကင်မရာနဲ့ ဖလင်လိပ်ဝယ်ပြီး သမ္ဗာန်ဆိပ်ကို လာခဲ့ကြပါတယ်။ ထိုမှထွက်လာတဲ့ အချိန်မှာတော့ ရေပေါ်မှာဆောက်ထားတဲ့ ခြေတန်ရှည်အိမ်လေးတွေ၊ သမ္ဗာန်တွေနဲ့ ဈေးရောင်းတာ တွေ့ကြရပြီး သမ္ဗာန်အချင်းချင်း ရေလှမ်းပက်ပြီး စနောက်နေကြပါတယ်။ ရေပေါ်မှာ အပင်တွေစိုက်ထားတာကို ထူးခြားစွာတွေ့ရပြီး အမျိုးသမီးတွေ ခြေထောက်နဲ့ လှေလှော်နေတာတွေကိုလည်း တွေ့မြင်ကြရပါတယ်။ နောက်အထူးခြားဆုံး တခုကတော့ အင်းထဲရောက်တာနဲ့ ၀ါနေတဲ့ရေတွေဟာ ရေမှော်တွေမြင်ရတဲ့အထိ ရေကြည်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ ရေ၀ါတခြမ်း ရေကြည်တခြမ်း ကန့်ထားသလိုပါပဲ။ စာရေးသူတို့ မြင်ဘူးတာက ဆည်တွေသာ ရေတံခါးကျော် လိုက်တာနဲ့ နောက်နေတဲ့ရေတွေဟာ ကြည်လာတာကိုပဲ တွေ့ဖူးတာပါ။ ခုဟာက သဘာဝဖြစ်လာတာ အရမ်းကို အံ့သြဖွယ်ကောင်းတဲ့ အင်းအလှကို ကိုယ်တိုင် ခံစားခဲ့ရပါတယ်။

နေ့လည်၂နာရီခွဲမှာတော့ အင်းလေးမှ ပြန်လာပြီး ညောင်ရွှေမှတဆင့် တောင်ကြီးကို ဆက်တက်လာခဲ့ ကြပါတယ်။ စာရေးသူက တောင်ကြီးကို ရောက်ဖူးချင်တာ အတော်ကြာခဲ့ပါပြီ ခုလိုလာရတဲ့အတွက်လည်း အရမ်းကို ကြည်နူးပျော်ရွှင် မိပါတယ်။ တောင်ကြီးကို ရောက်တယ်ဆိုရင်ပဲ တည်းဖို့စီစဉ်ပြီး လက်ထဲမှာလည်း ပိုက်ဆံသိပ်မကျန်တော့လို့ ဘဏ်ကို ၃နာရီခွဲအမှီ ပြေးခဲ့ရပါသေးတယ်။ ဘဏ်က ပြန်လာပြီး ဟိုတယ်ပြန်ရောက်တယ် ဆိုရင်ပဲ မိုးတွေ သည်းထန်စွာ ရွာသွန်းပါတော့တယ်။ အပြင်မသွားကြတော့ဘဲ ရေမိုးချိုးပြီး အနားယူကြပါတယ်။ မိုးတိတ်သွားတယ်ဆိုရင်ပဲ ခုနစ်ရောင်စဉ်သက်တန့်က တောင်တွေကြားမှာ လှပခန့်ညားစွာ ထိုးထွက်လို့နေပါတယ်။ တောင်တွေကြားက သက်တန့်က တောင်ကြီးမြို့အလှကို ပို၍ခန့်ညားထည်ဝါစေပါတယ်။ ပြီးတော့ ဆိုင်ကယ်အချို့ရဲ့ ဒီဇိုင်းတွေကလည်း အရမ်းကို နှစ်ကြိုက်မိပါတယ်။ စာရေးသူက ဆိုင်ကယ်စီးရတာကို အရမ်းသဘောကြပါတယ်။ ဒီဇိုင်းဆန်းဆန်းလေးတွေကလည်း စာရေးသူရဲ့စိတ်ကို ဖမ်းစားထားပါတယ်။ ဆိုင်ကယ်စီးခြင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိတယ်လို့လည်း ထင်တယ်လေ။ ဒါပေမယ့် ရန်ကုန်မှာ ဆိုင်ကယ်မှမစီးရတာနော်လေ… ၆နာရီလောက် မိုးတိတ်သွားတော့ ညစာစားဖို့ ထွက်လာခဲ့ကြပါတယ်။ ညစာစားကြပြီး ဈေးဆိုင်တွေ လျှောက်ကြည့်ကြပါတယ်။
နောက်နေ့မနက်၇နာရီမှာတော့ လိုက်ပို့ပေးမဲ့ တောင်ကြီးသူ/သား ၃ယောက်လာခေါ်ပါတယ်။ တောင်ကြီးမှာရှိတဲ့ ဘုရားအစုံကို လိုက်ပို့ပေးပါတယ်။ တောင်ပေါ်မှာကြည့်တဲ့ တောင်ကြီးမြို့ရဲ့ အိမ်တွေ၊ အဆောက်အဦတွေဟာ လှေကားထစ်ပုံစံ အထပ်လိုက်ရှိကြပါတယ်။ တောင်ကြီးမြို့ဟာ သူဌေးမြို့မှန်း ပြောစရာမလို အိမ်တွေကို ကြည့်လိုက်တာနဲ့ သိနိုင်ပါတယ်။ ဘုရားတွေဖူးပြီးတော့ တောင်ကြီးမြို့ပန်းခြံနဲ့ တိရစ္ဆာန်ဥယျာဉ်ကို သွားခဲ့ကြပါတယ်။ တိရစ္ဆာန်ဥယျာဉ်မှာ တိရစ္ဆာန်တွေအများကြီးတော့ မရှိပါဘူး။ ရာသီဥတု အပြောင်းအလဲကြောင့် တော်တော်များများ သေကုန်ကြတယ်လို့ ပြောပါတယ်။ စာရေးသူတို့ သွားတုန်းကတော့ ၀က်ဝံတကောင် နေမကောင်းနေလို့ အနားတောင် ပေးမသွားပါဘူး။ ယုန်လေးတွေတော့ အတော်များများရှိပါတယ်။ အဲကမှ ဆက်သွားလိုက်ရင် ကြိုးတံတားကို ရောက်ပါတယ်။ ကြိုးတံတားက အတော်လေးမြင့်ပါတယ်။ ကြိုးတံတားပေါ်ကနေ မြွေလိမ်မြွေကောက် ကားလမ်းမကို လှမ်းမြင်ရသလို ရှုခင်းတွေကလည်း အင်မတန်မှလှပပါတယ်။ ရန်ကုန်မှာ လူဦးရေထူထပ်ပြီး လေကောင်းလေသန့်ရဖို့ဆိုတာ မလွယ်လှပါဘူး။ ခုလိုတောင်ကြီးမြို့ရဲ့ သဘာဝရှုခင်းတွေကို ကြည့်ရင်း လေကောင်းလေသန့်ရှု ရတာလည်း အရမ်းကို စိတ်ချမ်းသာလှပါတယ်။ အမှန်အတိုင်း ၀န်ခံရရင် စာရေးသူ တောင်ကြီးမြို့ကတောင် မပြန်ချင်ပါဘူး။ လိုက်ပို့ပေးတဲ့ တောင်ကြီးသူတွေက မီးပုံးပျံလွှတ်ပွဲမှာ အရမ်းကို စည်တဲ့အကြောင်း၊ လာလည်ကြဖို့ ဖိတ်ခေါ်ကြောင်း ပြောပါတယ်။ စာရေးသူတို့လည်း ပြန်ဖို့အချိန် နီးကပ်ပြီမို့ နှုတ်ဆက်ထွက်ခွာရင်း အောင်ပန်းကို ခရီးဆက်ခဲ့ကြပါတယ်။

Sunday, July 27, 2008

နားလည်ပေးပါ

သူငယ်ချင်းတို့ရေ ခုတလော Microsoft Exam ဖြေဖို့ လေ့လာနေလို့ သူငယ်ချင်း တို့ဆီ မလာနိုင်တာရော၊ ပို့စ်တွေ မတင်နိုင်သေးတာရော နားလည်ခွင့်လွတ် ပေးကြပါနော်... ဂျေပြောသလို ဘလော့ဂ်ဝါတွင်း ဥပုသ်စောင့် လိုက်ဦးမယ်... အဆင်ပြေရင် ပြေသလိုတော့ လိုက်လည်ဖြစ်သွားမှာပါ... လာလည်တဲ့ သူငယ်ချင်း တွေ အားလုံးကိုလည်း ကျေးဇူးအထူးပင် တင်ရှိပါတယ်...

Monday, July 7, 2008

မီးလေး ဧပရယ်လ်ခရီးမှတ်တမ်း - ၅

နေ့လည် ၁၁း၃၀နာရီမှာ ကျောက်ဆည်မြို့ကို ရောက်ပါတယ်။ နောက်နေ့ညနေမှာတော့ ရွှေသာ လျောင်းတောင် တက်ဖို့ပြင်ဆင်ကြပါတယ်။ ဓာတ်ပုံရိုက်ဖို့ ခရီးဆောင်အိတ်ထဲ ကင်မရာရှာစဉ်မှာတော့ ဘယ်မှာမှ ရှာမတွေ့ဘူး။ သေချာပြန်စဉ်းစားကြည့်တယ် ဘယ်လိုမှအဖြေမထွက်ဘူး သွားပြီ ကားပေါ်မှာ အနှိုက်ခံရပြီဆိုတာ သိလိုက်တယ်။ အိတ်က ကိုယ်နဲ့အတူလည်း မရှိဘူးလေ။ စာရေးသူ ခရီးဆောင်အိတ်က လော့နဲ့ဆိုတော့ လော့နံပါတ် သုံးလုံးလုံး သုညတွေဖြစ်နေတာကို မနေ့က အိတ်ဖွင့်တော့သိပေမဲ့ ဘာလို့ သုညတွေချဉ်း ဖြစ်နေတာပါလိမ့်ဆိုပြီး အမှုမဲ့ အမှတ်မဲ့ ထားလိုက်မိတယ်။ ကင်မရာကို ဘေးအိတ်ထဲမှာပဲ ထည့်ထားတာဆိုတော့ အလွယ်တကူ နှိုက်သွားတယ်ထင်တယ်။ နှမြောလိုက်တာ မပြောပါနဲ့တော့ တခါမှလည်း ပစ္စည်းအဲလို မပျောက်ဘူးတော့ အတော်လေးလည်း ခံစားရတယ်။ ပိုဆိုးတာက သွားထားတဲ့ ပုံတွေ ရိုက်ထားတာ ပါသွားလို့လည်း နှမြောမိတယ်။ အားရပါးရ အော်ငိုပစ်ချင်စိတ်ပေါက် လာတယ်။

စာရေးသူတို့လည်း ကားဂိတ်တွေသွားပြီး ကားနံပါတ်နဲ့ သွားစုံစမ်းတယ်။ ဂိတ်တွေ အများကြီးရှိလို့ ဘယ်ဂိတ်ကမှန်းလည်း မသိ။ ဆင်ခေါင်းကားဂိတ်က မနက်စောစောမှာ မန်းလေးက တက်လာတဲ့ ကားရော၊ ကျောက်ဆည်က ထွက်တဲ့ကားရော စုံလို့ အဲချိန်စောင့်ကြည့်ဖို့ ပြောပါတယ်။ စာရေးသူကလည်း မနက်ဆို သာစည်ဆက်သွားတော့မှာ။ သူတို့ပြောပုံအရတော့ ကားပေါ်ကဆင်းဆင်းချင်းမှာ ပစ္စည်းစစ်ရတယ်။ အဲ့အချိန် ပျောက်ရင် သူတို့တာဝန်မို့ ပြန်လျော်ပေးတယ်။ နောက်ပိုင်းမှဆိုရင်တော့ တာဝန်မယူဘူး ပြောတယ်။ စာရေးသူ လိုချင်တာ တာဝန်ယူတယ် မယူဘူးဆိုတာထက် ကိုယ့်ကင်မရာပဲ ပြန်လိုချင်တာပါ။ ကားသမား ပြန်လျော်ပေးတာလည်း မလိုချင်ပါဘူး။ သူတို့တာဝန်ပဲ ဆိုပေမဲ့ စိတ်ချလက်ချထားမိတဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်မိပါတယ်။ ခရီးသွားတာလည်း ခုလိုလည်း သွားဖူးတာ မဟုတ်တော့ ခုလို ပစ္စည်းပျောက်လိမ့်မယ် ဆိုတာလည်း မထင်ထားခဲ့ပါဘူး။
ကံကောင်းတာက သော့ဖွင့်မရသွားတာပါပဲ ခရီးဆောင်အိတ်ထဲမှာ နောက်ခရီးတွေသုံးဖို့ ပိုက်ဆံတွေပါတာမို့ အဲဒါတွေသာ ပါသွားရင် စာရေးသူ ရန်ကုန်တောင် ပြန်ရောက်ပါ့မလား မသိပါဘူး။ သူငယ်ချင်းအိမ်ကလည်း သူတို့ဆီလာရင်း ဖြစ်တာဆိုတော့ စိတ်မကောင်းကြဘူး။ ဒီလိုဖြစ်နေလို့လည်း မပြီးသေးဘူး စာရေးသူအမေက ခရီးထွက်ဖို့ ခဲယဉ်းလို့ တောင်ပေါ်လိုက်ပို့ ပေးရဦးမယ်လေ။ လမ်းဆုံးတာနဲ့အတူ ကင်မရာပေါ်မှာ စိတ်အစွဲအလန်းဖြစ်နေရင် ယူသွားတဲ့သူလည်း အပြစ်လွတ်နိုင်မှာ မဟုတ်ဘူးလေ။ ကိုယ့်အစွဲမပျောက်သ၍ သူလည်းခံနေရမှာမို့ စိတ်ကို ပိုင်းဖြတ်လိုက် ပါတယ်။ နိဗ္ဗန္န ပစ္စယော ဟောတုလို့ပဲ သတ်မှတ်လိုက်ပါတယ်။ တောင်တက်ရတာ ပျော်စရာကောင်းပါတယ်။ လှေကားထစ်တွေပေါ် ပြေးတက်လိုက်ကြ၊ မောလာရင် နားကြနဲ့ ပင်ပန်းတယ်လို့ မရှိပါဘူး။ တောင်ပေါ်က လေးမျက်နှာ ဘုရားမှာ ကင်မရာယူသွားတဲ့သူကို စာရေးသူ စိတ်ဆင်းရဲရသလို သူတို့ဘ၀တလျှောက်မှာ မကြုံရပါစေနဲ့လို့ ဆုတောင်းပေးရင်း ရေစက်ချလိုက်ပါတယ်။

မနက်ဖြန်သာစည်သွားဖို့အတွက် ပြင်ဆင်ရပါတယ်။ နောက်နေ့မနက် ၆း၃၀မှာ ကျောက်ဆည်ဘူတာရုံကို ထွက်လာခဲ့ကြပါတယ်။ သာစည်ကို လက်မှတ်နှစ်စောင်ဝယ်ပါတယ်။ ရန်ကုန်ထိတောင် ခုံမဲ့ပဲရလို့ စာရေးသူ တို့လည်း ခုံမဲ့ပဲ ရပါတယ်။ ရထားလာတယ်ဆိုရင်ပဲ တက်ရမဲ့အပေါက်ကို ပြေးရှာရပါတယ်။ နောက်ဆုံး ရိုးရိုးတန်း တံခါးတွေ ပိတ်ထားလို့ အထူးတန်းပေါက်က အတင်းတက်ကြရပါတယ်။ စာရေးသူတို့ လိုက်ပို့ ပေးတဲ့ ကောင်လေးတွေက ရထားပေါ်ထိ အိတ်တွေလိုက်ပို့ပေးလို့ လူပဲ တိုးတက်ရုံပါပဲ။ သူတို့ကိုလည်း ကျေးဇူးတင်မိပါတယ်။ ရထားပေါ်မှာ ခြေချစရာ နေရာတောင် အတော်ရှာရပါတယ်။

ဒီလိုနဲ့ပဲ ၉း၃၀မှာ သာစည်ဘူတာကို ဆိုက်ရောက်ခဲ့ပါတယ်။ ရထားပေါ်က ဆင်းမယ်ဆိုရင်ပဲ မန်းလေးက အကိုလာကြိုတာကို တွေ့ပါတယ်။ လာကြိုတဲ့သူရှိတော့ နည်းနည်းသက်သာတာပေါ့။ မန်းလေးက မမနဲ့ ကိုကြီးတို့ သားအမိ သုံးယောက်နဲ့ မမကလေး နှစ်ယောက်က မနေ့တည်းက သာစည်ရောက်နေကြတယ်လို့ သိရပါတယ်။ ခဏနား ရေမိုးချိုး ထမင်းစားပြီး အနားယူကြပါတယ်။ မနက်ဖြန် ရွှေညောင်သွားဖို့အတွက် ပြင်ဆင်ရပါတယ်။ မနက်၅နာရီခွဲမှာတော့ သာစည်-ရွှေညောင်ရထားနဲ့ ရွှေညောင်ကို ထွက်လာခဲ့ကြပါတယ်။ တောင်ပေါ်မြို့အလှကို ရထားပေါ်က ခံစားရတာ အရမ်းကို စိတ်ချမ်းသာခဲ့ပါတယ်။ စာရေးသူမှာ ကင်မရာရှိရင် တဖျပ်ဖျပ်နဲ့ ရိုက်နေရမှာ အမှန်ပဲ ဘလော့ဂ်အိမ်လေးမှာ ဓာတ်ပုံတွေ သူငယ်ချင်းတွေနဲ့ မျှဝေခံစားမယ်ဆိုတဲ့ စိတ်ကူးလေးလဲ ပျက်ခဲ့ရပြီပေါ့။

မီးလေး ဧပရယ်လ်ခရီးမှတ်တမ်း - ၎

နှစ်ဆန်းတရက်နေ့

ဒီနေ့မှာတော့ မနက်ပိုင်းမှာ မုန့်လုံးရေပေါ်လုပ်ပြီး အိမ်နီးနားချင်းတွေဝေပြီး နေ့လည်ပိုင်းမှာ စစ်ကိုင်းဘက်ကို ဘုရားဖူးထွက်ခဲ့ကြပါတယ်။ မန်းနဲ့စစ်ကိုင်းကြား မန်းလေးအထွက်နားမှာ စစ်ကိုင်းတောင်ပေါ်မှ ဘုရားအဆူပေါင်းများစွာတို့သည် အလွန်သပ္ပါယ်လှပါတယ်။ ရတနာပုံ တံတားသစ်ကနေ ဖြတ်ပြီး စစ်ကိုင်းတောင်ကို တက်လာတယ်ဆိုရင်ပဲ ဘုရားရိပ် တရားရိပ်နဲ့ အေးချမ်းတဲ့အရသာကို ခံစားခဲ့ရပါတယ်။ အသက်ကြီးလာရင် စစ်ကိုင်းချောင်ကို သွားလို့ပြောနေကြတဲ့ စကားလေးကိုလည်း သွားအမှတ်ရမိပါတယ်။ တောင်ပေါ်ကကြည့်ရင် စိမ်းလန်းစိုပြည်နေတဲ့ သစ်ပင်များ၊ စေတီပုတိုးတွေကို တွေ့ရပါတယ်။

ဥမင်သုံးဆယ်ဘုရား သွားရောက် ဖူးမြော်ခဲ့ကြပါတယ်။ ဘုရားပေါ်ကနေ အဆင်းမှာတော့ တောင်ပေါ် တက်လာတဲ့ ဟိုင်းလက်ကား တဆင်း ကားအင်ဂျင်ပိုင်း မီးလောင်နေလို့ ၀ရုန်းသုံးကား ဆင်းပြေးလာတဲ့ ဘုရားဖူးများကိုတွေ့ရပြီး ဆိုင်းခန်းတွေက ရေ၀ိုင်းပေးကြ ရေ၀ိုင်းသတ်ကြနဲ့ ခဏနဲ့ငြိမ်းသွားပါတယ်။ ဥမင် သုံးဆယ်ဘုရားကနေတဆင့် ဆွမ်းဦး ပုညရှင်ဘုရားကို သွားရောက်ဖူးမြော်ခဲ့ကြပါတယ်။ ထိုမှတဆင့် ကောင်းမှုတော်ဘုရားကို သွားခဲ့ကြပါတယ်။ ကောင်းမှုတော်ဘုရား ရင်ပြင်တော် ပတ်ပတ်လည်မှာရှိတဲ့ ဆိုင်ခန်းတွေကိုလည်း window shopping, eye shoppingလုပ်ရင်း သနပ်ခါးအစစ် မရနိုင်တဲ့ ရန်ကုန်အတွက် အရေးကြီးဆုံးက သနပ်ခါးတုံးတွေကို အလေးခံပြီး ၀ယ်ခဲ့ကြပါတယ်။ ညနေသုံးနာရီလောက်မှာ မန်းလေးကို ပြန်လာခဲ့ကြပါတယ်။
အိမ်ရောက်တယ်ဆိုရင်ပဲ ခဏနားပြီး မနက်ဖြန် ခရီးဆက်ဖို့ ပစ္စည်းတွေ သိမ်းဆည်းရပါတယ်။ စာရေးသူ အမေက မန်လေးဖိနပ်လိုချင်တယ်ဆိုလို့ မမနဲ့ ဖိနပ်ဆိုင်ကို ထွက်လာခဲ့ပါတယ်။ နှစ်ဆန်းတရက်နေ့ ဆိုင်တွေ ပိတ်တယ်ဆိုလို့ မ၀ယ်ဖြစ်ခဲ့ပါဘူး။ အိပ်ယာထဲ စောစောဝင်ပြီး အနားယူလိုက်ပါတယ်။ မနက်၆နာရီခွဲမှာ အိပ်ယာထပြီး ရေမိုးချိုးပြင်ဆင်ပြီး ၉နာရီလောက်မှာ ကားဂိတ်ကိုထွက်ခဲ့ကြပါတယ်။ ကားမောင်းတဲ့သူက ထမင်းအိမ်ပြန်စားလိုက်ဦးမယ် ပြန်လာရင် ကားထွက်မယ် ပြောပြီး ပြန်သွားလေရဲ့။ ကားခနှုန်းထားကပ်ထားတာကို ကြည့်လိုက်တယ်။ ၁၀နာရီထိုးခါနီးမှာ ကားထွက်ပါတယ်။

စပါယ်ယာက ကားခတောင်းပါတယ် စာရေးသူလည်း သူတို့တောင်းတဲ့အတိုင်းပဲ ပေးလိုက်ပါတယ်။ ကားပေါ်မှာ မကျေနပ်တဲ့အသံတွေ တယောက်တပေါက် ပြောကြပါတယ်။ ရှင်တို့တွေ မတရားတောင်းတယ်၊ ဟိုမှာကပ်ထားတော့တမျိုး နင်တို့တောင်းနေတာ တမျိုး၊ ဒီလမ်းနဲ့ ဒီလမ်း သွားနေကြ။ စပါယ်ယာက ပြောလိုက်ပုံကလည်း ရိုက်ပေါက်လေ၊ မင်းတို့တွေနော် ဒီလောက်မှမရလျှင် မလိုက်နဲ့လို့ အခြားကားတွေကို အော်ပြောလိုက်ပြီး ခရီးသည်တွေကိုလည်း မကျေနပ်ရင် မစီးနဲ့ပြောပါတယ်။ ဒီထပ်ပိုဆိုးတာက အသက် ၇၀ကျော် ၈၀နီးပါးရှိတဲ့ အဘွားတယောက်နဲ့ မြေးတယောက် တက်လာပါတယ်။ ခုံတွေလွတ်နေလို့ ကလေးက ထိုင်ခုံမှာ ထိုင်ပါတယ်။ စပါယ်ယာက ကလေးကို ပေါင်ပေါ်တင်ထိုင်နော် မထိုင်ရင် နှစ်ယောက်စာ ပေးရမယ်။ လူမရှိလို့ထိုင်တာ လူလာရင် ဖယ်ပေးမယ်လို့ အဘွားက ပြန်ပြောလိုက်ပါတယ်။ နောက်ကားခ တောင်းပါတယ် အဘွားက နီးနီးလေးကို ဒီလောက်မပေးနိုင်ဘူး နင်တို့တွေ မတရားမတောင်းနဲ့ သွားနေကျ သုံးရာပဲ… ဒါဆိုရတယ် နှစ်ယောက်စာပေးတဲ့။ အဘွားက ကလေးကို ပေါင်ပေါ်တင်မယ်လို့ ပြောလိုက်တယ်။ ပေါင်ပေါ် တင်လည်း ၅၀၀ပဲ မကျေနပ်ရင် မစီးနဲ့ ဆင်းသွားလို့ရတယ်လို့ ပြောပါတယ်။ အဘွားကလည်း ပိုမပေးဘူး ပြောပါတယ်။ တိုင်ချင်ရာတိုင် ဂိတ်က သတ်မှတ်ထားတဲ့ဈေးလို့ပြောပါတယ်။ အဲဒါမှမပေးရင် ခုဆင်းဆိုပြီး ရှေ့မှတ်တိုင် ကားရပ်နေစဉ်မှာ ဆင်းခိုင်းပါတယ်။ အဘွားလည်း မြေးခေါ်ပြီး ဆင်းသွားပါတယ်။

စာရေးသူ ထိုမြင်ကွင်းကို လုံးဝမကြည့်ရက်ပါဘူး။ ဒါပေမယ့် စပါယ်ယာပါးစပ်ဆိုတာ သိတဲ့အတိုင်း သူတို့နဲ့ ဖြစ်နိုင်ရင် စကားမပြောတာ အကြောင်းဆုံးလေ။ ထိုစပါယ်ယာမှာ မိခင်ရှိမယ်ဆိုရင်တောင် သူ့အမေ အရွယ်လောက် ရှိတာကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတာကို စာရေးသူ မကြိုက်ပါဘူး။ ရန်ကုန်မှာဆို ဂိတ်တွေကလည်း ဈေးနှုန်းပြောင်းတယ်ဆိုရင် ချက်ချင်းကားထဲမှာ ရေးထားတဲ့ ဈေးနှုန်းကို ပြောင်းကြပါတယ်။ ဈေးနှုန်းကို ရေးထားတဲ့ဈေးနှုန်းထက် ပိုတောင်းခဲ့ရင် ကျေနပ်မှုမရှိက တိုင်ကြားရန်ဆိုတဲ့ ဖုန်းနံပါတ်ကနေ လှမ်းတိုင်နိုင်သလို အရေးယူပေးပါတယ်။ စာရေးသူ စဉ်းစားမိတာက တိုင်မဲ့သူမရှိလို့ ဒီလိုဖြစ်နေတာလား၊ တကယ်ပဲ ဂိတ်က ဈေးနှုန်းပြောင်းပြီး ကားထဲမှာရေးထားတဲ့ ဈေးနှုန်းတွေ မပြောင်းပေးသေးတာလား၊ ဒါမှမဟုတ် စပါယ်ယာတွေကပဲ အလွှဲသုံးစားလုပ်နေတာလား၊ ကျေနပ်မှုမရှိက တိုင်ကြားရန်ဆိုတဲ့ ဖုန်းကို မန်းလေးကလူတွေအတွက် ဖုန်းဆက်ပြီး လှမ်းတိုင်ရမလားဆိုပြီး စဉ်းစားမိပါသေးတယ်။ နောက်တော့ သူ့နယ်မြေအထာမသိလို့ ဒီအတိုင်းပဲ အသာနေလိုက်ပါတယ်။ တိုင်မယ့် ပြောမယ့်သူမရှိရင် မန်းလေးမှာ လိုင်းကားစီးပြီး သွားလာလှုပ်ရှားရတဲ့ သူတွေ ဒီဒုက္ခကို အမြဲရင်ဆိုင်နေကြရမှာပါ။

စာရေးသူတို့လည်း စာကြည့်တိုက်မှာဆင်းလိုက်ပြီး ကျောက်ဆည်-မန်းလေးကားကို စောင့်နေလိုက်ပါတယ်။ အထုပ်အပိုးတွေနဲ့ စောင့်နေတာကို မြင်တာနဲ့တင် ကွေ့လာတဲ့ကားတစီးက ရပ်ပြီး လိုက်မှာမလားဆိုပြီး အထုပ်တွေ ဆွဲတင်ပါတော့တယ်။ နေရာကြည့်တော့ ထိုင်စရာမရှိ ကားကပြည့်နေပြီ၊ ခေါင်းခန်းမှာ တနေရာ ရှိတယ်ဆိုပြီး စာရေးသူအမေကို ခေါ်သွားပါတယ်။ စာရေးသူကို နေရာလုပ်ပေးမယ်ဆို တက်ခိုင်းပြီး ကားက မောင်းထွက်သွားပါတယ်။ ဟိုက်… ရှာလပတ်ရည် စာရေးသူကား တွယ်စီးနေရပါတယ်။ တခါမှလည်း အဲလို စီးဖူးတာ မဟုတ်တော့ အတော်ကြောက်မိပါတယ်။ မျက်စိမှိတ်ပြီး လိုက်လာခဲ့တယ်။ မန်းလေးကားကြီး ၀န်းနားမှာ ကားရပ်တော့ ကားစပါယ်ယာက ထိုင်ခုံလာပေးပါတယ်။ လာပေးပေမဲ့ ခုံက ထားစရာနေရာမရှိတော့ နောက်ဖုံးဖွင့်ထားတဲ့ပေါ်မှာ ခုံတင်ပြီး ထိုင်စီးရပေမဲ့ ပြုတ်ကျမှာစိုးလို့ မှီရာဆွဲကိုင်ထားရပါတယ်။