ဘုရားမုခ်ဝထဲသို့ ၀င်ခဲ့ရင်ပဲ လမ်းတစ်ဘက်တစ်ခြမ်းစီမှာ ပန်းပင်တွေတန်းစီပြီး စိုက်ထားပါတယ်... ပန်းတွေလည်း ဝေေ၀ဆာဆာ ပွင့်လို့ပေါ့... ရွှေဘုံသာမုနိဘုရားကို လက်ယာရစ် ဖူးမျှော်ကြည်ညိုရင်း ကင်မရာလေးနဲ့ မှတ်တမ်းတင် ဓာတ်ပုံတွေကလည်း နေရာတိုင်းမှာ ၀င်းခနဲ လက်ခနဲ၊ နောက်က ဘုရားတာဝန်ခံကလည်း နောက်က တကောက်ကောက် (ကင်မရာခွန် မပေးဘဲ ရိုက်လို့ လာတောင်းတာပါ)... နောက်တော့ ကိုစိုးကြီး(စိုးဇေယျ)က သူဆောင်လာပြီးပြီ သူတို့နဲ့ အတူတူလိုက်ခဲ့လို့ ပြောပါတယ်... အဲ...စာရေးသူလည်း ကင်မရာနဲ့ ဟိုလျှောက်ရိုက် ဒီလျှောက်ရိုက်နဲ့ အခွန်ပြေစာ ကိုင်ထားတဲ့ ကိုသားဖြိုးကို ပြန်လိုက်ရှာနေရတာက အမော... :P သူ့မှာလဲ ကြည့်ဦးလေ ကိုစိုးကြီးကို ဆရာ...ဆရာ ခေါ်ပြီး ကိုစိုးကြီး ကင်မရာအိတ်လွယ်ပြီး တပည့်ခံမလို့ဆို တကောက်ကောက် လိုက်နေလေရဲ့...
ဘုရားကို လက်ယာရစ်ပတ်ပြီး ပြန်ထွက်လာတော့ ပန်းခင်းမှာ ဓာတ်ပုံဆရာတွေ ရုံးစုရုံးစုနဲ့ ပန်းခင်းကိုလည်း အပြိုင်အဆိုင် ရိုက်နေကြတယ်... စာရေးသူလည်း ဘာများလဲလို့ သွားကြည့်တာပေါ့... အနားရောက်မှ သေချာသိတော့တယ်... ပန်းခင်းမှာ ပျားလေးတွေ နားနေကြတာပါ... ပျားတွေက လူယဉ်နေသည် ထင်၏ လုံးဝမတုတ် တုတ်လျှင်လဲ ဘလော့ဂါတွေ တစ်ယောက်မှ လွတ်မည်မဟုတ်... အဘယ်ကြောင့်ဆိုသော် ပန်းပေါ်မှာ ပျားနားနေသည့်ပုံကို ဓာတ်ပုံဆရာ ကိုစိုးကြီးက သင်ပေးသဖြင့် အားလုံး လက်တည့်ဆန်း နေကြသည်မှာ စာရေးသူအပါအ၀င်ဖြစ်၏... ပန်းရိုက်ပုံ ရိုက်နည်းပါ သင်ပြသဖြင့် စာရေးသူ ခုဆို ပန်းမြင်တိုင်း ရိုက်ချင်သည့်ရောဂါ တက်နေ၏...
ပန်းပေါ်ပျားနားစဉ်
ပန်းတစ်ပွင့် ဖန်ဆင်းခြင်း .. ခွိ ခွိ
ဒါက ပန်းပေါ်မှာ ပျားနားနေတာ ( ကိုစိုးကြီး ရိုက်ချက်လောက်တော့ မကောင်းပါ..) သူတို့ကို ဓာတ်ပုံတွေ တဖြတ်ဖြတ်ရိုက်နေတာ မငြီးမငြူ မော်ဒယ်လုပ်ပေးတဲ့ ပျားလေးတွေရေ ကျေးဇူးပါ... :D (လိပ်ပြာနားတဲ့ပုံ ရိုက်ဖို့ လိပ်ပြာ ဟိုပန်းနားနိုး ဒီပန်းနားနိုးနဲ့ သူ့နောက်ပြေးလိုက် လိုက်ရတာ... နောက်ဆုံးကျတော့ အင်တာနက်မှာ နာမည်ကြီးမှာ စိုးလို့ထင်ရဲ့ အဝေးကို ပျံသွားလေ၏...
ဘုရားမုခ်ဝက ပြန်ထွက်လာတော့ ကမ်းနားမှာ အဖြူရောင်တွေ ဧရာဝတီမြစ်ကြီး နောက်ခံထားပြီး ဓာတ်ပုံရိုက်သူကရိုက်၊ ခုံတန်းလျားမှာ ထိုင်နေတဲ့သူကထိုင်၊ အအေးဆိုင်မှာ အအေးသောက်သူက သောက်နဲ့ ဟိုနားတစ်စု ဒီနားတစ်စု စုတ်ချက်မဲ့ ပန်းချီကားတစ်ချပ် လှချင်တိုင်း လှနေ၏... ကိုဖော်သူထိုး(ခ) ကိုဖိုးသူတော်က စာရေးသူနဲ့ မယမင်းတို့နှစ်ယောက် လမ်းလျှောက်လာတာကို သောက်လက်စ ကြံရည်ခွက်ကြီး မြောက်ပြီး သောက်ဦးလို့တိုက်တော့ ကြံရည်က ခွက်တစ်ဝက်ရောက်နေပြီ ... မယမင်းနဲ့ စာရေးသူ ကျန်တဲ့ တစ်ဝက်ကို တယောက်တစ်ဝက် သမလိုက်တာ ကုန်သွားပါရော... သနားစရာ ကိုဖော်သူထိုးတစ်ယောက် ပိုက်ကလေးကိုင်ပြီး သူများခွက်တွေ တောင်းသောက်ရန် တိုင်းခန်းလှည့်လည် ပါတော့သည်... (ရှူး...တိုးတိုး ကြားရင် မီးလေးပြောတယ် မပြောနဲ့ :P)
အအေးဆိုင်မှာ အအေးသောက်ကြရင်း အပြန်ခရီးအတွက် ချောင်းသာဝင်မည်ဟု အသံသဲ့သဲ့ကြား လိုက်ပါသည်... (မသေချာသေးပါ) ထို့နောက် ခရီးစဉ်၏လိုရင်းဖြစ်သော သရေခေတ္တရာသို့ ကားကြီးဖြင့် ဘီးစင်္ကြာလှည့်ပါတော့သည်... :P သရေခေတ္တရာသွားရင်း လမ်းတလျှောက်မှာ ကိုညီလင်းဆက်က သရေခေတ္တရာရဲ့ နောက်ခံသမိုင်းကြောင်း အကျဉ်းကို ပြောပြပါတယ်... ခဏလောက် သွားလိုက်တယ် ဆိုရင်ပဲ သရေခေတ္တရာပြတိုက်ကို ရောက်ပါတယ်... ပြတိုက်တို့ ထုံးစံအတိုင်း ဓာတ်ပုံမရိုက်ရဆိုပေမဲ့ ဓာတ်ပုံတွေ ခိုးရိုက်ကြတဲ့သူလည်း ရှိပါသေးတယ်... (မပင့်လို့ မပြောဘူးနော်...:D)
ပြတိုက်မှာ ရှေးဟောင်း ဆင်းတုတော်၊ ပုတီး၊ ရေအိုး၊ ကြေးပြား။ အုတ်ခွက်ဘုရား အစရှိတဲ့ ရှေးဟောင်းပစ္စည်း မြောက်များစွာကို တွေ့မြင်ခဲ့ရပါတယ်... ထိုပစ္စည်းများကို ကိုညီလင်းဆက်မှ သူသိသလောက်အား မမောနိုင် မပန်းနိုင်နဲ့ ကင်မရာကြီးလွယ်လို့ ရှင်းပြပေးခဲ့တာကို ကျေးဇူးတင်နေမိပါတယ်... နောက် ရှေးခေတ်က မကောင်းဆိုးဝါးများ မ၀င်နိုင်အောင် အိမ်တံခါးမကြီးရှေ့မှာ ရတနာသုတ်အား ရေးထားပူဇော်ခဲ့ကြတယ်လို့လည်း သိရပါတယ်.... ထိုတံခါးအပိုင်းအစလေးလည်း တွေ့ခဲ့ရပါတယ်... နောက်တော့ ရှေးခေတ်က လူတွေကိုင်ခဲ့တဲ့ သံချောင်းပြထားတဲ့ နေရာကို ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်နဲ့ ရောက်သွားပါတယ်... အရင်က စာရေးသူတို့ကို ရှေးခေတ်လူတွေ အရပ်က ထန်းပင်လောက် ရှိတယ်ပြောတုန်းက ဒါတွေက အာပလာတွေပါလို့ ထင်ခဲ့တာ သူတို့ကိုင်ခဲ့တဲ့ သံချောင်းရဲ့ ထုက လက်ရှိ အားကောင်းမောင်းသန် ယောက်ျား ၁၀ယောက်လောက် ၀ိုင်းမရမယ်...
ပြတိုက်ကို ပတ်ကြည့်နေတုန်း ကိုကြီးကျော်က ရှေ့တွင် မြွေပေါသဖြင့် ပေါက်တောအား ဒီပြတိုက်မှာတင် အပြီးလုပ်ရန် လိုက်ပြောပါတယ်... အိမ်သာရှေ့တွင် ထိုင်စောင့်နေသူကတော့ ကိုစိတ်ထွက်ပေါက်(ခ) ကိုအောင်မျိုးဟန်ပဲ ဖြစ်ပါတယ်... တစ်ခြားတော့ မဟုတ် အိမ်သာဝင်တဲ့သူတိုင်း ဦးသုံးကြိမ် ကန်တော့ရမည် ဆိုပြီး ကန်တော့ခံရန် အိမ်သာရှေ့တွင် စောင့်နေလေ၏... :P တချို့က တကယ်ထင်၍ လိုက်မေးနေပါ သေးသည်၊ အဲလောက်ကို မျက်နှာပြောင်တာ... :)
ပြတိုက်ရှေ့က အပင်တွေမှာ ရန်ကုန်မှာ မမြင်ဘူးသေးတဲ့ ပင့်ကူ (ခြေထောက်က အ၀ါတစ်ဝက်၊ အမည်းတစ်ဝက်)တွေ အိမ်ဖွဲ့နေတာကို ဓာတ်ပုံဝိုင်းရိုက်ကြပါတယ်... စာရေးသူက အဲ့ပုံ မရိုက်တော့ဘဲ အရွက်ပေါ် နားနေတဲ့ပုံကို ရိုက်လိုက်ပါတယ်...
အရိုက်ကောင်းလို့ အင်္ကျီမှာ ပင့်ကူတစ်ကောင် ကပ်ပါလားသေး၏...
အဖွဲ့လိုက်ဓာတ်ပုံကို ပြတိုက်ရှေ့မှာ ပျော်ပျော်ပါးပါး စနောက်ကြရင်း ရိုက်ပြီး သကာလ ထိုပြတိုက်က ဂိုက်လုပ်ဖို့ ကလေးတစ်ယောက်အား ထည့်ပေးလိုက်ပါတယ်...
ပထမဆုံး ဘောဘောကြီး ဘုရားအား ၀င်ရောက်ဖူးမျှော်ပြီး ဓာတ်ပုံတွေရိုက်ခဲ့ကြပါတယ်... ယောက်ျားလေးတွေက ဘုရားပေါ်မှာ မိန်းကလေးတွေကတော့ အောက်ကနေ တက်ချင်လို့ သွားရည် အဟောင်းသားနဲ့ မော်ကြည့်နေကြရပါတယ်..
ဆက်ရန်
Saturday, September 12, 2009
Shrikittaya 2.0 ခရီးသွားခဲ့သည်... အပိုင်း(၂)
Labels:
ဆောင်းပါး
Monday, September 7, 2009
Shrikittaya 2.0 ခရီးသွားခဲ့သည်... အပိုင်း(၁)
စာရေးသူအတွက် ဒီနေ့လောက် ကတိုက်ကရိုက်နိုင်တာမရှိ၊ အားလုံး လောလော, လောလောချည်းပဲ ... ယနေ့ည ၁၀နာရီ "BlogDay Excursion Trip" ပြည်မြို့သို့ ချစ်သောအမိမြေ ရန်ကုန်မှ ထွက်ခွာဖို့ ၉း၃၀မှာ မြေနီကုန်းရှိ ရွှေလက်ဘက်ရည်ဆိုင်တွင် လူစုကြမည်... စာရေးသူတယောက် ၇နာရီထိ ကျောင်းက မပြန်ရသေး... မိနစ်ကံ တဖြေးဖြေးရွေ့လျားလာလေ စိတ်တွေက ပိုမငြိမ် တော့လေ ရှေ့က ဆရာသင်တာလဲ ခေါင်းထဲ concept မမိတော့... မြန်မြန်ပြီးပါစေသာ စိတ်ထဲ အကြိမ်ကြိမ် ဆုတောင်းနေတာ အကြိမ်ပေါင်း မရေတွက်နိုင်ပါ... ၇နာရီခွဲဖို့ ၅မိနစ်အလိုမှာ ဆရာက သင်ခန်းစာ လက်စသတ်ပြီး Roll Call ခေါ်တယ်... စာရေးသူ နာမည်ခေါ်ပြီးတာနဲ့ စာသင်ခန်းအပြင်ကို အမြန်ထွက်လာလိုက်တယ်... အခန်းပြင်ရောက်တော့ ၇နာရီခွဲပြီး ၅မိနစ်ဖြစ်နေပြီ... ပထမဆုံး အခန်းပြင်ရောက်တာနဲ့ နှိပ်မိတဲ့ ဖုန်းနံပါတ်က စာရေးသူရဲ့ တစ်ဦးတည်းသော ချစ်သူဆီကိုပေါ့... (အကောင်းတော့ မဟုတ် ခိုင်းစားဖို့ :D) အတန်းပြီးပြီ ရောက်ပြီလားဆိုတော့ ရယ်ဒီပဲ ကျောင်းရှေ့ရောက်နေပြီတဲ့... ကျောင်းပေါ်က ကမန်းကတန်းပြေးဆင်း လှေကားထစ်တွေတောင် ကျော်ဆင်းလို့ ချော်ကျမလို ဖြစ်သေး....
ကားပေါ်တက်လိုက်ပြီး သိမ်ဖြူက သူငယ်ချင်းတယောက်ကို အိမ်ဝင်ပို့ပြီး အိမ်ကို ပြန်လာခဲ့တယ်... အိမ်ပြန်ရောက်တော့ အချိန်က ၈နာရီကျော်နေပြီ... ကျောပိုးအိတ်ထဲ လိုအပ်တဲ့ ပစ္စည်းတွေ ဟိုကောက်ထည့်၊ ဒီကောက်ထည့်လုပ်ပြီး ထွက်မယ်လုပ်တော့ မေမေက လှမ်းသတိပေးတယ် “ဖုန်းပါပီလား”တဲ့... ကျောပိုးအိတ်ပြန်စမ်းကြည့်တော့မတွေ့တာနဲ့ တအိမ်လုံး ပြန်ရောက်ထဲက သွားတဲ့နေရာမှန်သမျှ မြေလှန်ရှာ... ဘယ်လိုပဲရှာရှာ မတွေ့... ကားထဲမှာကျန်သလား မသိဘူးဆိုတော့ တစ်ယောက်သောသူက ကားထဲသွားပြန်ဝင်ရှာတယ်... မီးလေးအစ်ကိုက ဖုန်းနံပါတ် လှမ်းခေါ်တယ်... တစ်ယောက်ယောက် ဖုန်းကိုင်လိုက်တယ်... အသံတချို့လည်း ကြားနေရတယ်... “ငါခိုးတာမဟုတ်ဘူး”တဲ့ ပြီးတော့ ဖုန်းချသွားရော၊ နောက်တစ်ခါဖုန်းကို ပြန်ခေါ်တယ်... ကြားနေရပါပီ သူ့အသံ ဘယ်နားက ကြားနေရမှန်းမသိ အသံက တဖြည်းဖြည်း နီးကပ်လာပြီ... မျက်ရည်လွယ်တဲ့ စာရေးသူ ဘယ်အချိန်က ထွက်ချင်မှန်းမသိတဲ့ မျက်ရည်တွေ အလိုလို ထွက်ချင်နေပီ... နောက်တော့ အမှောင်တည်းကနေ ကလေးလေးတစ်ယောက် ထွက်လာပြီးပေးတယ်... ကားဘေးမှာကျနေလို့တဲ့ ကျေးဇူးတင်ကြောင်းပြောပြီး ကမန်းကတန်း ကားပေါ်တက်ပြီး ထွက်လာခဲ့ပါတယ်... တစ်ယောက်သောသူရဲ့ နားမီးပူတိုက်ခံရင်းပေါ့ စိုးရိမ်စိတ် များတတ်တဲ့ စာရေးသူအကျင့်ကိုလည်း သိနေတာကိုး...
နောက်လမ်းသွားရင်းစားဖို့ဆိုပြီး ရန်ကင်းက CityMart ကိုဝင်ပြီး ဆေးမှအစ မုန့်အဆုံး လိုအပ်တာမှန်သမျှ လိုလေးသေးမရှိအောင်လိုက်ဝယ်တဲ့ သူ့နောက် တကောက်ကောက်လိုက်ရင်း (လိုက်သာ လိုက်နေတယ် နောက်ကျမှာစိုး၍ နာရီက တကြည့်ကြည့်) သူပြောသမျှ ရမ်းသာ အင်းလိုက်နေ၏... ကြားထဲမှာ remind လုပ်ပေးတဲ့ ဇောင်းဖုန်းရတော့ ပိုလောပြီ... ဒါနဲ့ ဈေးဝယ်တာ လက်စသတ် Bill ရှင်းပြီး မြေနီကုန်းကို ထွက်လာခဲ့တယ်... မီးပွိုင့်တွေကလည်း အလျင်လိုလို့လားမသိ စိတ်မရှည်စွာ... ရင်တွေလည်း ခုန်နေတယ်... ကိုယ်မသိတဲ့သူတွေနဲ့ ခရီးအတူထွက်ရမှာမို့လို့ပေါ့၊ မသိဘူးဆိုတာက များသောအားဖြင့်တော့ အွန်လိုင်းမှာ သိကြပါတယ်၊ ဒါပေမယ့် အပြင်မှာ အသေအချာတွေ့ပြီး စကားပြောဖူးတဲ့သူတွေက စာရေးသူအတွက် လက်ချိုးရီတောင် လက်ဆယ်ချောင်း မပြည့်ပါဘူး... တခြားခရီးတော်တော် များများ သွားဖူးခဲ့ပေမဲ့ ဒီလို အွန်မှာ ရင်းနှီးပြီး အပြင်မှာ မရင်းနှီးတဲ့သူတွေနဲ့ သွားတာ ပထမဆုံး မို့ပါ....
ဟော တွေ့ပါပီ... ရွှေလက်ဘက်ရည်ဆိုင်ရှေ့မှာ စီးရမယ့်ကားကြီးနဲ့ Position အမျိုးမျိုးနဲ့ ဘလော့ဂါများ၊ တချို့ကတော့ ဘီယာဆိုင်မှာ ဆီဝင်ဖြည့်နေလေရဲ့... ခဏနေတော့ သူ့ကောင်မလေးက မလိုက်ခိုင်းတာလဲပါတယ်၊ ဒီခရီးက မသွားလဲဖြစ်တယ် အပျော်ခရီးပဲဟာ ဆိုပြီး အပြောကြီးတဲ့ စိတ်ထွက်ပေါက်(ခ)ရက်ရာဇာ(ခ)ကိုအောင်မျိုးဟန်ကြီးက MBS၀တ်စုံနဲ့ ၀င်လာပါတယ်... မလိုက်လို့ မရဘူးဆိုလို့ နောက်ဆုံးတော့ လိုက်ရတာပေါ့ဟာတဲ့ ... အစကတည်းကလည်း လိုက်ချင်ချင်လေ အင်တင်တင်နဲ့ ပဲများနေတာ... ဟာ ဟ
နောက်ကားပေါ် တက်လို့ရပြီပြောလို့ ကားပေါ်ကို တက်ခဲ့ပါတယ်... ကားပေါ်မှာ နေရာ အတော် များများက ပြည့်နေပြီ... ထိုင်နေကြတဲ့သူတွေရော၊ လူအစား အိတ်ကလေးတွေက ငုတ်တုတ်လေး တွေရော၊ နောက်နေရာမရှိတော့တာနဲ့ နောက်ဆုံးခုံမှာပဲ ၀င်ထိုင်လိုက်တယ်... စာရေးသူရဲ့ အစ်ကိုလည်းဖြစ်တဲ့ ကိုအရုပ်ကို မတွေ့သေးပါဘူး... မေးကြည့်တော့ သူတို့လည်း မတွေ့မိဘူး ပြောပါတယ်... ကားထွက်ခါနီး လူစုံပြီလားမေးတော့ ကိုအရုပ်ကျန်သေးကြောင်း ၀ိုင်းအော်ကြ ပါတယ်... ဟော... အပြေးအလွားတက်လာပါပြီ ကိုအရုပ်နဲ့ ကိုအချစ်မဲ့ဂီတာ ရောက်ရောက်ချင်း မူးနေတဲ့ကြားက အဆင်ပြေရဲ့လားလို့ မေးဖော်ရတဲ့ ကိုအရုပ်ကိုလည်း ကျေးဇူးတင်မိပါတယ်...
ကားကြီးက စာရေးသူအပါအ၀င် ထိုင်ခုံမရလို့ မတ်တတ်ရပ်သူက ရပ်နဲ့ လူ ၄၁ယောက်ကို အမိမြေ ရန်ကုန်မြို့ကြီးမှ ပြည်မြို့ဆီသို့ ခေါ်ဆောင်သွားပါတော့တယ်... ကားပေါ်မှာလည်း စရင်းနောက်ရင်း ရယ်မောသံတွေနဲ့ စည်ကားလို့ နေပါတယ်... ကားကြီးခေါ်ဆောင်သွားလို့ သိပ်မကြာခင်မှာပဲ အိမ်ရှေ့က စကားများသံ တစ်ခွန်းစ နှစ်ခွန်းစကြားနေရပါတယ်... ရယ်သံတွေ အားလုံးတိတ်ဆိတ်သွားပါတယ်... ကားကြီးလည်း လမ်းဘေးမှာ ထိုးရပါသွားပါတယ်... နောက်ဖေးက သူတွေကလည်း အိမ်ရှေ့ကို သွားပြီး စကားများကြပါတယ်... အဲ ကားသမားနဲ့ နောက်လိုက်နှစ်ယောက်နဲ့ အားလုံးသုံးယောက် စာရေးသူတို့ဘက်က ၄၁ယောက် ရန်ဖြစ် ရင်တော့ ပွဲကြီးပွဲကောင်းပဲ... ခွိ ခွိ
နောက်ခပ်သဲ့သဲ့ကြားလိုက်တာက Blogger တွေကို ဘာအောက်မေ့နေလဲတဲ့... :) ဘလော့ဂ်ဂါဆိုတာ ဘာမှန်းတောင် သိချင်မှသိမယ်၊ မသိချင်လည်း မသိဘူး... တော်တော် များများက ဘလော့ဂ်ဆိုတာတောင် ဘာမှန်းမသိကြဘူး... ဒါပေမဲ့ ဘလော့ဂ်ဂါတွေကို ဘာအောက်မေ့နေလဲလို့ ပြောလိုက်တာက ကိုယ့်လုပ်တဲ့အလုပ်ကို ဘယ်လောက်ထိ တန်ဖိုးထား မြတ်နိုးတယ်ဆိုတာ ပေါ်လွင်စေပါတယ်... နောက်တော့ ပြေလည်တယ်လို့ပဲ ဆိုရမည်ပေါ့ ကားကြီးက ဆက်ထွက်လာပါတော့တယ်... ဒါပေမဲ့ ကားကို ဆောင့်အောင့်ပြီး မောင်းနေတာ ဘုရားစာရွတ်နေရတယ်... ကားပေါ်မှာ ကိုမျက်လုံးရဲ့ အမျိုးသမီးလည်းပါပါတယ်... ထူးခြားတာက အပိုဆုလေးနဲ့ပါ နောက်လမှာ မွေးမည်လို့ သိရပါတယ် ... ကိုမျက်လုံးမိန်းမက နောက်လ မွေးတော့မှာ ကားကို ဒီလိုခပ်ကြမ်းကြမ်း မောင်းရပါ့မလား သွားချမယ်တကဲကဲ လုပ်နေတဲ့ ကိုအရုပ်ကိုလည်း ကိုဂျန်ဝသူနဲ့ အခြားဘလော့ဂ်ဂါတွေကလည်း ထိန်းလို့ပေါ့...
ခဏနေတော့ ဘီယာဆိုင် တဆိုင်ရှေ့ကို ကားကြီးက ထိုးရပ်လိုက်ပါတယ်... အဲမှာ ဘီယာသောက် သူကသောက်၊ မသောက်သူက အဆိုကျော်လေးတွေရဲ့ ဂီတကို ခံစားရင်း ခဏအကြာမှာ ကားပေါ်ကို ပြန်တက်ကြပါတယ်... မှတ်မှတ်ရရ နန်းညီက ဇွန်းတစ်ချောင်း ဘတ်လာခဲ့ပါတယ်... (ခွိ ခွိ) နောက်တော့ ကားကြီးက ဘီယာဆိုင်မှ ဆက်လက်ထွက်ခွာခဲ့ပါတယ်... မအိပ်ကြေး အိပ်တဲ့သူကို နှောက်ယှက်မယ်ဆိုပြီး စနောက်နေကြတာ ကိုသားဖြိုးတို့အဖွဲ့ပါပဲ...
သမိုင်းဆရာ ကိုဂျန်ဝသူကလည်း သမိုင်းကို ပြောင်းပြန်လှန်နေပါတယ်... သူ့လက်ထဲမှာတင် သမိုင်းက ပျက်ရော... အိပ်တဲ့သူတွေ ပုံကို ခိုးရိုက်ကြတာလဲ အမော... ကိုကြီးကျော် သီချင်းနဲ့ ကနေကြတဲ့ ဘလော့ဂ်ဂါအစ်ကိုတွေကလည်း မမောနိုင် မပန်းနိုင်.... စာရေးသူ Typeက ခရီးသွားရင်း အေးအေးဆေးဆေး သီချင်းနားထောင်ရင်း ပတ်ဝန်းကျင်နဲ့အတူ နစ်မျောနေတတ်တဲ့ အကျင့်လေးကလဲရှိတယ်... အွန်မှာသာ သူငယ်ချင်းတွေ များပေမဲ့ အပြင်မှာ သူငယ်ချင်း သိပ်ထားလေ့ မရှိဘူး... ထားပြီးရင်လည်း အရမ်းခင်တတ်ပြီး သူတို့နဲ့ ပတ်သက်သမျှကို ခံစားတတ်တဲ့ 'ဇ'လေးကလည်း ရှိ၊ လူများရင် စကားတွေရှုပ်လို့ မထားတာလဲ ပါတာပေါ့လေ... MP3နဲ့ ငြိမ့်နေတုန်း ကိုအရုပ်က အဲ့အကျင့်တွေ အားလုံးဖယ်ပြီး စိတ်လွတ်လက်လွတ်ပျော်ဖို့ ပြောပါတယ်... အဲလိုမဟုတ်ရင် မခေါ်တော့ဘူးဆိုပြီး ခြိမ်းခြောက်လဲ ခံရသေး :P ... စာရေးသူလည်း သူတို့အပျော်တွေကူးစက်ရင်း ပွဲကြည့်ပရိသတ်ကနေ ဇာတ်ထဲပါသွား ပါလေရော...
အချိန်လေး ရလာတာနဲ့အမျှ အိပ်ချင်နေကြပါပြီ... အိမ်ရှေ့ခြမ်းကတော့ ဇက်ကျိုးနေကြပေမဲ့ နောက်ဖေးခြမ်းကတော့ သောင်းကျန်းကောင်းနေတုန်းပါပဲ... လက်ပံတန်းရောက်တော့ ခေတ္တနား ပါတယ်... အောက်ဆင်းပြီး စားကြသောက်ကြပေါ့... လက်ပံတန်းက ပြန်ထွက်လာ ပြီးတော့ အကုန်ဇက်ကျိုးကုန်ကြပါပြီ... စာရေးသူလည်း စကားသံတွေ ကြားတစ်ချက် မကြားတစ်ချက်နဲ့ အိပ်ပျော်သွားပါတော့တယ်... ဘယ်လောက်ထိ အိပ်ပျော်သွားတယ်မသိ ပြည်မြို့ဝင်ခါနီးမှ နိုးပါတယ်.. :P
ပြည်မြို့ရဲ့ တန်ခိုးကြီးဘုရား ရွှေဆံတော်ခြေရင်းမှာ ကားရပ်ပြီးသကာလ မနက်ခင်းအလုပ် မျက်နှာသစ်ခြင်း အမှုကို ပြုလုပ်ကြပါတယ်... ထို့နောက် ပန်းတွေဝယ်၊ အားလုံးစုပြီးမှ ဘုရားရင်ပြင်တော်ပေါ်သို့ တက်လာခဲ့ကြပါတယ်... ဘုရားဖူးရင်း လှည့်ပတ်ပြီး လျှပ်စီးလက်သလို ကင်မရာတွေကလည်း တဖျက်ဖျက်ပေါ့... ထိုပုံတွေတော့ ဖေ့ဘွတ်ခ်တွင် ပွဲစည်ဦးမည်ဟု စိတ်ထဲထင်မိပါသည်... ဘုရားပေါ်မှာ ဆန္ဒပြလာတာက တခြားမဟုတ်ပါဘူး... ဟိုလူ့ကြည့်လဲ ဗိုက်ဆာလို့ ဒီလူ့ကြည့်လဲ ဗိုက်ဆာလို့နဲ့ ၀မ်းဗိုက်က ဆန္ဒပြလာပါတယ်... ရွှေဆံတော်ဘုရားမှာ ၀ါတွင်းဆို ဓမ္မာစကြာ နံနက် ၅နာရီဆို နေ့စဉ်ရွတ်လေ့ရှိပြီး ၆နာရီခွဲမှ ပြီးကြောင်းသိရပါတယ်...
နံနက် ၇နာရီလောက်မှာ စာရေးသူတို့အဖွဲ့ကို နံနက်စာစားဖို့ စီစဉ်ထားကြောင်းသိရပါတယ်... ဒါတောင် ဗိုက်ဆာလား မဆာလား သူများသနားအောင် ဂေါပကရုံးရှေ့ ရုံးစုရုံးစုလုပ်နေလို့ ရရင် လာခေါ်မယ်တောင်ပြောယူရသေး... :) စားလို့ရပြီလည်းဆိုရော ဘယ်အချိန်ထဲက စားချင်တယ်မသိ ကိုစိုးမိုးတစ်ယောက် ထိုင်နေရာကတောင် ထပြေးသွားတယ်... ဟီ ဟိ (ဖောက်သည် ချနေတာ) စားလို့ရပြီဆိုတော့ ထမင်းစားဆောင်ကို ချီတက်ကြပါတယ်... ဘုရားဂေါပက လူကြီးက ဘုရားသမိုင်းကြောင်းနဲ့ ပတ်သက်တာတွေကို အကျဉ်းပြောပြပါတယ်... စာရေးသူတို့ အမှုမဲ့အမှတ်မဲ့ ဘုရားဖူးခဲ့ကြတာ ဘုရားလူကြီးပြောတော့မှာ အော် ဒီလိုပါလားဆိုပြီး လက်ဘက်ရည်နဲ့ ဆမူဆာတစုစီ စားပြီး ပြန်ထွက်လာတော့ ဘုရားကို နောက်တစ်ခေါက် ထပ်ဖူးကြပါတယ်... တည့်ခင်းဧည့်ခံကျွေးမွေးတဲ့ အလှူရှင်များကိုလည်း ကျေးဇူးတင်ပါတယ်...
ဘုရားအောက် ပြန်ဆင်းလာတော့ လက်ဆောင်ပစ္စည်းအချို့ဝယ်၊ တချို့ကတော့ လက်ဘက်ရည်ဆိုင်မှာ စားသောက်ကြပေါ့... ပြီးတော့ ဘုရားကြီးကနေ ထွက်လာပြီး ဧရာဝတီမြစ်ကို ဖြတ်ကာ ရွှေဘုံသာမုနိဘုရားကို ရောက်လာခဲ့ပါတော့တယ်...
ဆက်ရန်....
Labels:
ဆောင်းပါး
Thursday, September 3, 2009
Shrikittaya 2.0
သြဂုတ်လ ၂၉ရက်နေ့မှာ မြန်မာဘလော့ဂါများ Gathering ကို ကန်တော်ကြီး ဥယျာဉ်တွင် ပျော်ရွှင်စွာ ကျင်းပခဲ့ပါသည်။
ထိုမှသကာလ Shrikittaya 2.0 အစီအစဉ်ဖြင့် ပြည်မြို့သို့ ထိုနေ့ည ၁၀နာရီတွင် ရန်ကုန်မြို့မှ ထွက်ခွာခဲ့ပါသည်။ သြဂုတ်လ ၃၀ရက်နေ့ မိုးသောက်မှာတော့ ပြည်ရွှေဆံတော်ဘုရားကြီးသို့ ရောက်ရှိခဲ့ပါသည်။
သြဂုတ်လ ၃၁ရက်နေ့ နံနက် ၄နာရီတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ လာပါသည်။
ခရီးစဉ်အကျဉ်းကိုတော့ အချိန်ရတော့မှ တဖြည်းဖြည်းချင်း တင်ပါမည်။
အောက်မှာရှိတဲ့ မေးခွန်းများကတော့ ကိုဂစ်တာက မေးထားတဲ့ quiz တစ်ခုပါ...
Blogger Name ....... Meilay
မေး - MBS ရဲ့ ဒီခရီးစဉ်အပေါ်ဘယ်လိုခံစားရလဲ?
ဖြေ - အရမ်းပျော်ပြီး ဗဟုသုတတွေလည်း ရပါတယ်။
မေး - ဘာလို့အဲ့လိုခံစားရတာလဲ?
ဖြေ - သူငယ်ချင်းအသစ်တွေနဲ့ ပထမဆုံး ခရီးသွားရပြီး မရောက်ဖူးတဲ့နေရာတွေ ဗဟုသုတွေ ရလို့ အရမ်းပျော်ပါတယ်...
မေး - ခရီးစဉ်အပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ - မသိတဲ့သူတွေနဲ့သိခဲ့၊ ရင်းနှီးခဲ့ရပြီး နွေးထွေးတဲ့ အသိုက်အမြုံတခုလို့ မြင်ပါတယ်... အချို့ကိစ္စတွေ အဆင်မပြေတာလေးတွေရှိပေမယ့် အားလုံးချုပ်လိုက်ရင် အကောင်းဆုံး မဟုတ်ခဲ့တောင် အကောင်းဆုံးဖြစ်ခဲ့ပါတယ်...
မေး - နောက်တစ်ခါသွားဖြစ်မယ်ဆိုရင်ရောလိုက်ဖြစ်ဦးမလား?
ဖြေ - အားရင်နဲ့ ပိုက်ဆံရှိရင် လိုက်မှာပေါ့... အဟိ
မေး - ဒီခရီးစဉ်မှာ ကိုယ့်အတွက် အကျိုးရှိလိုက်တာ တစ်ခုခု
ဖြေ - ကိုယ်ဘာသာဆို သွားဖြစ်မှာမဟုတ်တဲ့ သရေခေတ္တရာမြို့ဟောင်းကို သွားလေ့လာခွင့်ရပြီး မမြင်ဖူးတာတွေ မြင်ခဲ့ သိခဲ့ရတဲ့အတွက် ခရီးစီစဉ်တဲ့ စီနီယာ ဘလော့ဂါကြီးများအား ကျေးဇူးတင်မိပါတယ်....
မေး - ကိုယ့်စိတ်ထဲမှာ နောက်ထပ်သွားချင်တဲ့ နေရာတစ်ခု။
ဖြေ - သွားချင်တာတေါက အများကြီး ချရေးတောင် ကုန်မှာမဟုတ်ဘူး... ဟီး ဟီး
ဖတ်ပြီးတဲ့သူများအားလုံးကို တက်ပါတယ်... မိမိတို့ဘလော့ဂ်တွင် ရေးသားခြင်း သော်လည်းကောင်း၊ ကိုဂစ်တာထဲသို့ အီးမေးလ်ဖြင့် ပို့၍သော်လည်းကောင်း ပေးပို့နိုင်ကြ ပါတယ်လို့ သတင်းကောင်း ပါးလိုက်ပါတယ်...
ခရီးစဉ်တစ်လျှောက် လိုက်ပါကြတဲ့ သူငယ်ချင်းအားလုံးကို သတိရလျှက်...
Labels:
ဒိုင်ယာရီ
Tuesday, September 1, 2009
စီပုံးခေတ္တပိတ်ထားခြင်း
လာလည်ကြတဲ့ သူငယ်ချင်းများအားလုံး မင်္ဂလာပါ... ဒီနေ့ မီးလေးဘလော့စီပုံးမှာ မသမာသူ တစ်ချို့၏ ညစ်ညမ်းစာသားများဖြင့် နှောက်ယှက်ခြင်း ခံရပါသဖြင့် စီပုံးအား ခေတ္တလော့ချ ထားပါသည်... ထိုသူမှာ နီးစပ်ရာ သတင်းရပ်ကွက်၏ စုံစမ်းချက်အရ မြန်မာပြည် ရန်ကုန်တွင်းမှ ဖြစ်ကြောင်းလည်း သိရှိရပါသည်... ကြောက်လန့်ပြီး စီပုံးပိတ်ထားခြင်း မဟုတ်ပါဟု သိစေ ချင်ပါသည်... ယောက်ျားလေးဖြစ်ပြီး သတ္တိမရှိဘဲ ခိုးကြောင်ခိုးဝှက် အော်နေမယ့်အစား ထမီပြောင်းဝတ်ပါလားဟု ပြောချင်ပါသည်... ဤစကားသည် မီးလေးဘ၀တစ်လျှောက် ပထမဆုံး အရိုင်းဆုံးစကားပါပဲ...
သူတို့လူဖြစ်လာတာ ဘယ်လိုမို့လို့လဲ ပြန်စဉ်းစားစေချင်ပါသည်... သူတို့မှာ နှမချင်း စာနာစိတ် မရှိရင်တောင် အမေတော့ရှိမှာပါ... သူတို့နဲ့ ပြိုင်ပြီး မရိုင်းချင်ပါဘူး... ကိုယ့်အတွက်လည်း အကျိုးမရှိ သူများအတွက်လည်း အကျိုးမရှိဘဲ လက်သရမ်းပြီး ရေးနေတာ ဘာကြောင့်လဲ... မြန်မာနိုင်ငံမှာနေပြီး မြန်မာမိန်းကလေးတွေကို စော်ကားတာ လူမဆန်တဲ့ လုပ်ရပ်ပဲ... မင်းက အမှောင်ကအော်နေတာ ငါက အလင်းမှာ မင်းပဲ ရေးနိုင်မလား?? ငါပဲ ဖြတ်နိုင်မလား?? စောင့်သာ ကြည့်နေ... တစ်ခုပဲ ငါဆန္ဒပြုပေးပါတယ်... မင်းမိသားစုထဲက အမျိုးသမီးတွေကို မင်းလို နှမချင်း မစာနာတတ်တဲ့ သူတွေနဲ့ မတွေ့ပါစေနဲ့လို့ တကယ်ကို ဆုတောင်းပေးပါတယ်...
Labels:
ထွေရာလေးပါး
Sunday, August 23, 2009
စိတ်ပျော်ရွှင်တဲ့ ကစားနည်း
ခုလတ်တလော မီးလေး ဖြစ်နေတာတွေနဲ့ တိုက်ဆိုင်လွန်းလို့ သူငယ်ချင်းတယောက်ပို့ပေးတဲ့ Forward မေးလ်ကို ပြန်လည်မျှဝေလိုက်ပါတယ်...
ထိုင်ဝမ်လေဒီယိုလိုင်း hinet က ထုတ်လွှင့်ခဲ့ဖူးတဲ့ "အကောင်းဖက်ကို တွေးပါ" ဆိုတဲ့ ကစားနည်း အစီအစဉ်ဖြစ်ပါတယ်။ ကစားနည်းက အောက်ပါအတိုင်းဖြစ်ပါတယ်။
မေမေ.... ဒီနေ့ကျောင်းတက်တော့ အိတ်ထဲက ပိုက်ဆံ(၁ဝ) မတွေ့တော့ဘူး။ အကောင်းဖက်ကို တွေးပါ။
သား...... တော်သေးတယ်.. ပိုက်ဆံ (၁ဝဝ) မဟုတ်လို့..
ဖေဖေ.... ကောက်ရတဲ့သူတော့ ပျော်နေမှာပဲ
မေမေ.... ကျောင်းဆင်းခါနီး မိုးကြီးကြီးရွာချလာတယ်။ အကောင်းဖက်ကို တွေးပါ
သား...... တော်သေးတယ်။ ဦးလေးအိမ်က ကျောင်းနဲ့နီးလို့
မေမေ.... စာတွေအသင့်ပြင်ပြီး ကြိုးစားဖြေခဲ့တဲ့ စာမေးပွဲက ထင်သလောက်
အမှတ်မကောင်းခဲ့ဘူး။ အကောင်းဖက်ကို တွေးပါ။
သား...... တော်သေးတယ်။ အတန်းတင် စာမေးပွဲ မဟုတ်ခဲ့လို့
ဒီကစားနည်းက စိတ်ဝင်စားစရာကောင်းသလို နားထောင်သူ ရင်ကိုလည်း ကြည်နူးစေတယ်။ အဖြစ်အပျက်တစ်ခုမှာ ကောင်မလေးတစ်ယောက် သူနှစ်သက်တဲ့ နာရီပျောက်သွားခဲ့လို့
မစားနိုင်၊ မအိပ်နိုင်၊ စိတ်ထဲတနုံနုံနဲ့ မပျော်နိုင်ဖြစ်ခဲ့တယ်။
အဲဒီမှာ ဖာသာတစ်ဦးက "တကယ်လို့ တနေ့မှာ မတော်တဆ ငွေ(၁)သိန်း ကျပျောက်သွားတယ် ဆိုပါစို့။ နောက်ထပ် (၂) သိန်း အပျောက်ခံဦးမလား"လို့ ကောင်မလေးကို မေးတော့ သူက "အပျောက်မခံတော့ပါဘူး"လို့ ဖြေတယ်။
ဖာသာက ဆက်ပြီး "ဒါနဲ့များ ဘာဖြစ်လို့ နာရီတစ်လုံးပျောက်တာနဲ့ ကိုယ်ရဲ့ပျော်ရွှင်ခြင်းကို (၂)ပတ် အပျောက်ခံလိုက် ရသလဲ? ပြီးတော့ ကိုယ့်ကျန်းမာရေးပါ အဆစ်ပေးလိုက်ရသလဲ" လို့ မေးခဲ့တယ်။
အဲဒီအချိန်ကျမှ ကောင်မလေးက အိပ်မက်က လန့်နိုးလာသူတစ်ယောက်ကို ကုတင်ပေါ်က အမြန်ခုန်ချပြီး "ဟုတ်တယ်.. ကျွန်မထပ်နစ်နာလို့ မဖြစ်တော့ဘူး။
ပျော်ရွှင်ခြင်းတွေ၊ ကျန်းမာရေးတွေ အပျောက်ခံလို့ မရတော့ဘူး။ နာရီနောက်တစ်လုံး ထပ်ဝယ်နိုင်အောင် ကြိုးစားမယ်" လို့ ပြောခဲ့တယ်။
ဘဝက ဒီလိုပါပဲ!
ရှုံးတဲ့အချိန်ရှိသလို နိုင်တဲ့အချိန်လည်းရှိတယ်။ မှန်မှန်ကန်ကန်နဲ့ ရှင်သန်မယ်။
ဒါမှ ဘဝပီသတယ်။ လူတစ်ချို့က အမှန်တကယ် ဖြစ်ပျက်တာကို လက်မခံနိုင်တတ်ကြဘူး။
အဲတာကြောင့်ပဲ ရှုံးပြီးရင်း ရှုံးခဲ့ကြရတယ်။
Positive thinking က လူအများကို အပြစ်တင်စရာမလိုဘူး။
Positive thinking က စိုးရိမ်ကြောင့်ကျမှုတွေ မခံစားစေဘူး။
Positive thinking က ပျော်ရွှင်ခြင်းကို အနားကမခွါစေဘူး။
Positive thinking က ပူဆွေးသောကကို လမ်းကြောင်းလွဲပေးတယ်။
Positive thinking က ညှိုးနွမ်းတဲ့စိတ်ကို လန်းဆန်းမှုတွေပေးတယ်။
Positive thinking က ပြုံးရွှင်ဖော်ရွေတဲ့ အကျင့်စရိုက်ကိုပေးတယ်။
Positive thinking က အသစ်တစ်ဖန် ထရပ်ဖို့ အင်အားတွေပေးတယ်။
Positive thinking က အဆုံးမရှိတဲ့ မျှော်လင့်ချက်တွေပေးတယ်။
အားလုံးကို ကစားနည်းလေး ဝေမျှလိုက်ပါတယ်။ ကိုယ်နေထိုင်တဲ့ဘဝ၊ ရောက်နေတဲ့အရပ်က
အခက်အခဲတွေကို ဒီကစားနည်းကို ကစားရင်း နေ့သစ်များနဲ့ ပွေ့ဖက်နိုင်ပါစေလို့...
(စာကြွင်း.... မနိုင်းနိုင်းစနေထံမှ ကူးယူဖော်ပြပါသည်)
Labels:
တွေးမိတွေးရာ
ခေတ္တခွဲခွာခြင်း
သြဂုတ်လ ၂၁ရက်နေ့မှာ မီးလေးဘလော့ဂ် သက်တမ်းလေး သုံးနှစ်ပြည့်ခဲ့ပါတယ်... အဲနေ့က အကြောင်းကြောင်းကြောင့် ပို့စ်မတင်နိုင်ခဲ့ပါဘူး... ခုမှပဲ တင်ဖြစ်တော့တယ်... အမျိုးမျိုးသော အခက်အခဲတွေကြားက သုံးနှစ်ပြည့်မှန်းမသိ ပြည့်ခဲ့ပါပြီ... ခုတော့ မီးလေး ဒီဘလော့ဂ်လေးနှင့် ခဏခွဲခွာရပေဦးမည်... အဘယ်ကြောင့်ဆိုသော် ကျောင်းစာများ၊ ပရောဂျက်များနှင့် အလုပ်ရှုပ်နေ ပါသောကြောင့် ပို့စ်များ တင်နိုင်မည် မဟုတ်သေးပါ... အားရင်အားသလိုတော့ ရေးတင်ပါမည်... လာလည်တဲ့ လူတွေကိုလည်း အားနာမိပါသည်...
မီးလေးအရင်ကလည်း ခေတ္တမျှ ခွဲခွာခဲ့ဖူးပါသည်... မီးလေးပြန်လာချိန်မှာ အတော်ပြောင်းလဲ ကုန်ပါပီ... လင့်တွေတော်တော်များများ မရှိကြတော့... ဘလော့ဂ်သစ်လေးများနှင့် ထပ်မံ ဆုံစည်းခဲ့ပြန်ပါသည်... ခုတော့ ပြန်လည်ခွဲခွာရဦးမည်... မီးလေး မရှိစဉ်မှာ မီးလေးအိမ်ကို စောင့်ရှောက် ပေးကြတဲ့ မောင်နှမများနှင့် လူမရှိပေမဲ့ လာလည်ပေးကြတဲ့ စာဖတ်ပရိတ်သတ်များ၊ မောင်နှမအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း....
Labels:
ထွေရာလေးပါး
Thursday, August 20, 2009
ဘုံဆိုင်ထဲမှ ဟာသများ
လမ်းတနေရာအရောက် သူငယ်ချင်းနှစ်ယောက် ဆုံတွေ့ကြရာ...
ပထမလူ ----- မင်းတွေ့တာနဲ့ အတော်ပဲကွာ ငါ့မိန်းမ ကလေးမွေးချင်နေလို့ အိမ်မှာလဲ ဘယ်သူ့မှ မကျန်ခဲ့ဘူး။ ငါ့ကို ကားသွားငှားပေးပါလားကွာ။
ဒုတိယလူ ----- ဆောရီးပဲ သူငယ်ချင်းရာ။ ငါဒီနေ့ ဥပုသ်စောင့်ထားလို့ ထမင်းစားချိန်ကျော်တော့မှာမို့ သွားတော့မယ်ကွာ။
ဒါနဲ့ ဒုတိယလူလဲ ကားငှားပီး သူ့မိန်းမအား ဆေးရုံပို့လိုက်လေသည်။ ညနေစောင်း၍ ဆေးရုံမှ အိမ်သို့ ပြန်လာစဉ် လမ်းထိပ်၌ ထိုသူငယ်ချင်းအား ဆိုင်တဆိုင်တွင် တွေ့လိုက်လေသည်။
ပထမလူ ----- သူငယ်ချင်း မင်းပြောတော့ ဥပုသ်စောင့်တယ်ဆို ခုတော့ ဘုံဆိုင်ရောက်နေပါလားကွ။
ဒုတိယလူ ----- အင်း... ဥပုသ်စောင့်ထားတယ်လေ။ စိတ်သာ အဓိကကွ ငါက ဒါကို ရေလို့စိတ်ထဲမှာ သဘောထားပြီး သောက်တော့ ဘာမှမဖြစ်ဘူးပေါ့ကွ။
တိန်
တွေးပြီးမှ ပြုံးပါ
Labels:
ဟာသ
Monday, August 17, 2009
မီးလေး ဆေးရုံတက်တော့မည်...
ခုတလော မီးလေးမှာ အပြင်းအထန် ရောဂါတစ်ခု စွဲကပ်နေပါသည်... ဆရာဝန်မှ ကုရာနတ္ထိ ဆေးမရှိဟု ပြောလိုက်ပါသဖြင့် အကြီးအကျယ် စိတ်ညစ်နေပါသည်.... ဆေးရုံတက်ပြီး ကုတောင် ရချင်မှ ရတော့မှာလို့ ဆရာဝန်က ပြောလိုက်ပါ၍ အစားအသောက်ပျက်နေပါသည် (တနေ့ ၅ ပန်းကန် :$)... ဆေးရုံတက်ဖို့ ဗေဒင်တွက်ရွှေးပြီးမှ တက်မည်ဟု ဆုံးဖြတ်ထားတယ်...
Process Addiction လို့ခေါ်တဲ့ ဗိုင်းရပ်စ်ရောဂါ တစ်မျိုး ကူးစက်ခံနေရပါတယ်... ထိုဗိုင်းရပ်စ်ဟာ လူငယ်တော်တော်များများကို ကူးစက်ခံနေရပြီး ဖြစ်ပါတယ်... ပြန့်နှံ့နှုန်းက လေတိုက်နှုန်း ၂၀၀၀၀ ထက် အဆတစ်ရာ ပိုမြန်ပါတယ်... ခုချိန်ထိ ကာကွယ်ဆေး မပေါ်သေးပါဘူး... ထိုရောဂါ ကူးစက်ခံရခြင်း ရှိ၊ မရှိ အောက်ပါရောဂါလက္ခဏာ (Symptoms) များကို ကြည့်၍ သိနိုင်ပါသည်...
၁။ tolerance - ယဉ်ပါးသွားခြင်း (ဆေးယဉ်သကဲ့သို့)
(အင်တာနက်သုံးတဲ့အချိန်များ နေပေမယ့် ဆက်ပြီးဆက်ပြီးသုံးချင်နေတာ၊ အချိန်နည်းတယ်လို့ ခံစားရ၊ စိတ်ကျေနပ်မှုမရတာ)
၂။ withdrawal symptoms- ဆေးဖြတ်လက္ခဏာများခံစားရခြင်း -
(အင်တာနက်သုံးတာလျှော့ချလိုက်ရရင်၊ စိတ်မပျော်တာ၊ စိတ်တိုစိတ်ဆတ်လာတာ၊ စိတ်ဓာတ် ကျသလိုခံစားရတာ၊ စိတ်အလိုမကျသလိုခံစားရတာ။ အင်တာနက်သုံးနေတုန်းမှာ အနှောင့် အယှက်ပေးသလိုဖြစ်ရင် ပုံမှန်ထက်ပိုပြီးစိတ်တိုလာတာ။ အင်တာနက်ကြည့်နေရမှ စိတ်ပျော်ရွှင် ကျေနပ်မှုရတာ)
၃။ ပုံမှန်အချိန်တွေမှာပါ အင်တာနက်နဲ့ပတ်သက်တာတွေးနေမိတာ၊
( ဥပမာ-ဘလော့ဂ်မှာ ဘာတင်လိုက်မယ်၊ ဘယ်သူ့ဆီသွားမလည်ရသေးဘူးစသဖြင့်
ဈေးသုံးနေရင်းစဉ်းစားနေမိတာမျိုး။)
၎။ အင်တာနက်နဲ့ပတ်သက်တဲ့အိပ်မက်မကြာခဏမက်တာ
၅။ type ရိုက်သလိုမျိုးလက်ဂနာမငြိမ်လှုပ်ရှားတတ်လာတာ
၆။ စိတ်ကူးထားတာထက်ပိုပြီးအင်တာနက်ကိုအချိန်ပေးနေမိတာ။
ဥပမာ-မအိပ်ခင် နာရီဝက်လောက်ကြည့်လိုက်ဦးမယ်ဆိုပြီး ၂-၃ နာရီဆက်မိတာ
၇။ အင်တာနက်နဲ့ပတ်သက်ဆက်နွယ်တဲ့ကိစ္စတွေမှာ အချိန်ပိုပေးနေမိတာ
(အင်တာနက်ကြည့်တာအပြင်) ဥပမာ- ဘလော့ဂ်မှာတင်ဖို့ စာအုပ်ရှာဖတ်တာမျိုး
၈။ အင်တာနက်ကို လျှော့ဖို့စိတ်ကူးပေမယ့် မအောင်မြင်တာ
၉။ တခြားလူမှုရေးနဲ့ နေ့စဉ်ဘ၀လုပ်ငန်းဆောင်တာတွေပျက်ကွက်လာတာ။ အထူးသဖြင့် မိသားစု ရှိသူတွေမှာ၊ ချက်ပြုတ်သန့်ရှင်း လိုစိတ်နည်း လာ၊ လင်မယား ဆက်ဆံရေး စိတ်ဝင်စားမှုေ လျာ့လာ၊
သားသမီးပေါ် ၀တ္တရားပျက်လာတာ။ တစ်ဦးထဲသမားတွေမှာ အပြင်သူငယ်ချင်းတွေနဲ့ ထိတွေ့ ဆက်ဆံမှုနည်းလာတာ။ ကျောင်းသားတွေမှာ အဆင့်ကျလာတာ။ အလုပ်သမားတွေမှာ
အလုပ်ထဲ စိတ်ပါဝင်စားမှု နည်းလာတာ။
၁၀။ ကိုယ်လက်လှုပ်ရှားမှု၊ အပြင်ထွက်အပမ်းဖြေခြင်း၊ တီဗီကြည့်ခြင်းစတာတွေ သိပ်မလုပ် တော့တာ။
၁၁။ အင်တာနက်အချိန်များလွန်းလို့ အိပ်ရေးပျက်ပြီး၊ နောက်နေ့မနက် စောစောမထနိုင်တာ၊ အိပ်ရေးပျက်မှုကြောင့် အင်တာနက်ထိုင်တာကလွဲပြီး ဘာမှလုပ်ချင်စိတ်မရှိတာ၊
၁၂။ အလုပ်အကိုင်၊ ကျန်းမာရေး၊ အိမ်ထောင်ရေးဝတ္တရားပျက်နေမှန်းသိနေလျက်နဲ့
အင်တာနက်ကို မဖြတ်နိုင်ဘဲဖြစ်လာတာ။
၁၃။ Forming cyber relationships with strangers met online is also a
sign of internet addiction. - အွန်လိုင်းကတဆင့် မတွေ့ဘူးမမြင်ဘူးသူ
သူစိမ်းများနဲ့မိတ်ဆွေဖြစ်-ဆက်ဆံဖြစ်တာ
Extra-marrital relations - အိမ်ထောင်ဖက်ဇနီး၊ ခင်ပွန်းအပြင် ဆက်သွယ်မှုများ
ရောဂါဖြစ်လွယ်သူများ စိတ်ဓာတ်ရေးရာ အားနည်းချက်ရှိသူများမှာ ဒီရောဂါစွဲလွယ်ပါတယ်။ ငယ်ဘ၀က စိတ်အနာရဖူးသူများ (psychological trauma)၊ စိတ်ဓာတ်ကျလွယ်သူများ၊ အများနဲ့ မဆက်ဆံချင် တကိုယ်တည်းနေတတ်သူများ၊ အလုပ်ဒဏ်ကိုရှောင်တတ်သူများ၊ အင်တာနက်နဲ့ စိတ်ထွက်ပေါက်ရှာတတ် သူများ
Complications - ဆက်တွဲဆိုးကျိုးများ
၁။ ကျန်းမာရေးဆိုင်ရာပြဿနာများ-health problems
(၁) မျက်စိပြဿနာ
(၂) ကျောအောင့်ခါးနာ စသော အကြောဆိုင်ရာဝေဒနာများ
(၃) လက်မ၊လက်ညိုးနှင့်လက်ခလယ်လက်ချောင်းလေးများထုံကျင်ခြင်းရောဂါ -carpal
tunnel syndrome
(၄) အားအင်နည်းပါးခြင်း(fatigue)
(၅) အဆီတက်လာခြင်း-ထိုမှတဆင့် နှလုံးသွေးကြောရောဂါများ
၂။ မိသားစုပြဿနာများ-Familial problems
(၁) လင်မယားပြတ်စဲခြင်း
(အွန်လိုင်းမိတ်ဆွေအဆင့်မှ သံယောဇဉ်ပိုလာခြင်းကြောင့် အိမ်ထောင်ဖက်ကို စိတ်ဝင်စားမှု နည်းလာခြင်း ၊ အင်တာနက်ကိုသာအလွန်အမင်းစွဲလမ်း နေမှုကြောင့် လင်မယားဆက်ဆံရေး နည်းပါးလာခြင်း နှစ်မျိုးဖြစ်နိုင်ပါတယ်)
(၂) သားသမီးစိတ်ဝေဒနာရခြင်း-မိဘသားသမီးဆက်ဆံရေးအေးစက်လာခြင်း
၃။ လူမှုရေးအကျိုးဆက်များ-Social problems
အလုပ်ပျက်ခြင်း၊ မိတ်ဆွေစစ်နည်းပါးလာခြင်း၊
Treatment - ကုသမှု ဆေးကိုတိကနဲဖြတ်ရင် ဆေးဖြတ်တဲ့ withdrawal symptoms တွေကြောင့် လူထိခိုက်တတ်သလို၊ နက်သမားကို နက်တိကနဲဖြတ်ခိုင်းရင် စိတ်ဓာတ်ကျတာ၊စတဲ့
ဝေဒနာတွေဝင်လာတတ်ပါတယ်။ ဒါကြောင့်မျှင်းပြီးဖြတ်စေရပါတယ်။
၁။ တနေ့တာအတွင်းနက်သုံးချိန်ကို မှတ်တမ်းပြုစုစေခြင်း
၂။ ပြင်ပလောကနဲ့ပိုဆက်ဆံစေခြင်း-ခရီးတိုထွက်ခြင်းစသည်
၃။ မိသားစုသမားများအတွက်၊ မိဘ၀တ်-သားသမီးဝတ်-လင်ဝတ်-မယားဝတ်
စသည်များပြန်လည်သတိရစေခြင်း
၎။ သင်တန်း-လက်မှုအတတ်ပညာစတာတက်စေခြင်း
၅။ တရားထိုင်စေခြင်း
Prognosis - ရောဂါပျောက်ကင်းနိုင်မှု
ခံယူချက်နဲ့ အမူအကျင့်ပြောင်းလဲနိုင်မှု attitude and behavioral change
ပေါ်မှာမူတည်ပါတယ်တဲ့...
Forward မေးလ်ထဲကပါ အတော်များများ တိုက်ဆိုင်လို့ ပြန်လည်ဖော်ပြထားခြင်းဖြစ်ပါသည်...
ရယ်မောခြင်းဖြင့် အသက်ရှည်နိုင်ကြပါစေသော်......
Labels:
ဟာသ
Saturday, August 15, 2009
ဘလော့ဂါ အငြိမ့်
ကိုအိမ် ဦးစီးသည့် အငြိမ့်ပွဲ (ကိုအိမ်ဘလော့မှ ကူးယူဖော်ပြပါသည်...)
မီးလေးကို မင်းသမီးလုပ်ဖို့ဆို ခေါ်လွန်းလို့ အားနာပါးနာနဲ့ ကပေးလိုက်တာ... :P
ရွှေပွဲလာ ဧည့်ပရိတ်သတ်များခင်ဗျား ယခုအချိန်မှစပြီး ဘလော့ဂါ အငြိမ့်ပွဲကိုစတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ ရူစားတော်မူကြပါ......။
ကတ္တီပါ ကားလိပ်ဖွင့်သည်နှင့် ရွာစားကျော် ကိုဖိုးစိန်ကနေပြီး အရူးမီးဝိုင်း တီးလုံးနဲ့ စတင် တီးခတ်လိုက်ပါတယ်။ အတီးပြီးတော့ လူရွှင်တော်များဖြစ်ကြသော ပေါင်ပေါ်သား တဖြစ်နဲ့ ကိုတောင်ပေါ်သား ၊ အရုပ်တမာ အဖြစ်နဲ့ ကိုအရုပ်ကလေး ၊ ကိုအရမ်းပန်းတယ် ပြောတဲ့ ကိုရမ်းသမ်း.. အဲလေ.. ကိုရမ်းဂန်း ၊ ဘုစုခရုကလေး အဖြစ် ကိုပုလုကွေး ၊ ကိုခြေကျိုးခြင်း အဖြစ်နဲ့ ကိုမြစ်ကျိုးအင်း တို့ကနေပြီး ပရိတ်သတ်ကို လက်အုပ်ချီမိုး ကန်တော့ပြီးသကာလ စတင်ယုတ်မာပါတော့မယ်.... ဟုတ်ပေါင် ယောင်လို့ ပရိတ်သတ်ကြီးနဲ့ မိတ်ဆက်ပါတော့မယ်....။
တစ်ရာ့တစ်ပါး ခစားကြစို့ စုံစုံညီညီ ဘလော့ဂါသည် ဝတ္တရားရယ်က ထားသင့်ပေသည်။ လာဖတ်သူ စိတ်ကြည်ရွှင်စေဖို့ ဂုဏ်ထူးဆောင် ခိုးချပါလို့ ပို့စ်တင်သည်။ လာသမျှလူ မေတ္တာပို့စေဖို့..... သူငယ်ချင်းတို့ရေ ဝေ...... အားစိုက်လို့နွှဲ...ဟဲ့ဟဲဟဲ...။
“မင်္ဂလာပါ ကိုပေါင်ပေါ်သားရေ....”
“ကိုရမ်းသမ်းရေ မင်္ဂလာပါဗျာ...”
“ဟိုဘက်က ကိုဘုစုခရုကလေးရေ မင်္ဂလာပါဗျာ....”
“မင်္ဂလာပါ ကိုရမ်းသမ်းရေ...”
“ညာဘက်က ကိုအရုပ်တမာလေးလားခင်ဗျ..”
“ဟုတ်ပါတယ် ကိုရမ်းသမ်းရေ မင်္ဂလာပါ ခင်ဗျာ...”
“ဘယ်ဘက်ဒေါင့်က ကိုမြစ်ကျိုးများလားခင်ဗျာ့ မင်္ဂလာပါဗျာ....”
“မ မင်္ဂလာဘူးဗျာ...”
“ဟ-ဘာဖြစ်တာလဲ ကိုယ့်ဆရာရဲ့ အလိုက်သင့်လေးတော့ ပြောမှပေါ့ဗျ။ ဘလော့ဂါသည်ဆိုတာ ကိုယ့်အပူတွေကို ပို့စ်တင်တဲ့နေရာ မယူလာရဘူးလေဗျာ စာဖတ်သူတွေ စိတ်ညစ်စရာ မပေးပါနဲ့လားဗျာ...”
“ဒီလိုပါ ကိုရမ်းသမ်းရာ ကျနော် အပြင်သွားခါနီးတိုင်း အိမ်က မိန်းမကို စိတ်မချလို့ အိမ်တံခါး အမြဲသော့ခတ်သွားလေ့ ရှိပါတယ်...”
“သြော်.. မိန်းမကို အတော် စိတ်ချပုံရတယ်နော်... ကဲ.. ဆက်ပြောပါဦးဗျ...”
“ပြီးတော့ ကျနော်က သတိမေ့တတ်တော့ သော့ကို ဟိုထား၊ ဒီထားနဲ့ ပျောက်ရှသွားမှာစိုးတာနဲ့ အိမ်ဘေးက လူပျိုးကြီးကို အပ်ပြီးမှ အပြင်သွားလေ့ရှိတယ်ဗျ။ လူပျိုးကြီးကလဲ စိတ်ချပါ ဒီအိမ်ကို အဖိုဆိုလို့ ယင်ဖိုတောင် မဝင်စေရဘူးတဲ့ မှဲ့တပေါက် မစွန်းစေရဘူးတဲ့.....”
“အင်း... လူကြီး၊လူကောင်း ပီသပါပေရဲ့ဗျာ ဆက်ပါဦးဗျ....”
“ဒီနေ့တော့ဗျာ... ကျနော်ဘလော့ဂါအငြိမ့်ပွဲမှာ လူရွှင်တော် အဖြစ်နဲ့ ပါဝင်ကပြရမယ်ဆိုလို့ အိမ်ကထွက် အလာ လမ်းထိပ်နားရောက်မှ လူပျိုကြီးက ကျနော့် အော်ခေါ်ပြီး အမောတကောနဲ့ အပြေးလိုက်လာပါလေရော အနားရောက်တော့ ကျနော်လဲ ဘာဖြစ်လို့လဲလို့ မေးတော့ ခင်ဗျားပေးတဲ့ အိမ်သော့မှားနေတယ်တဲ့ အရင်သော့တွေတုန်းက အဆင်ပြေပြေနဲ့ ဖွင့်လို့ရတယ် ဒီသော့က မရဘူးဗျ အဲဒါလာလဲတာတဲ့....”
ကိုမြစ်ကျိုးအင်း ခေါင်းကို ကျန်လူရွှင်တော်များက ဝိုင်းရိုက်လိုက်ကြသည်။
“ကျနော်ကျတော့ ခင်ဗျားလို မဟုတ်ဘူးဗျ...”
“လုပ်ပါဦး ကိုရမ်းသမ်းရဲ့....”
“ဒီလိုဗျ ကျနော်က ကျနော့်မိန်းမကို အရမ်းချစ်တာဗျ.. တနေ့ သူသွားနာနေတယ် ဆိုတာနဲ့ သွားဆရာဝန်ဆီသွားပြီး ဆရာဝန်ကို ကျနော်အရင်သွားတွေ့ပြီး.... ဆရာ.. သွားနှုတ်ချင်လို့ဗျာ ဆိုတော့ ရပါတယ်တဲ့ ဒါနဲ့ ကျနော်လဲ ထုံးဆေးလဲ မထိုးချင်ဘူး ဆရာ၊ မေ့ဆေးလဲ မသုံးချင်ဘူ၊ ဒီအတိုင်း အစိမ်းသာနှုတ်ပေးပေးဗျာ ရတယ် မဟုတ်လား ဆိုတော့ ဆရာဝန်က ခင်ဗျား အတော် သတ္တိကောင်းတဲ့သူပဲ.. ကဲကဲ ခုံပေါ်တက်လိုက်ပါဦး ကျနော် အရင် စစ်ဆေးကြည့်ပါဦးမယ်ဆိုတော့ မိန်းမရေ ဆရာဝန်က လာခဲ့တော့တဲ့...........”
ကိုရမ်းသမ်း ခေါင်းကို လူရွှင်တော်နှစ်ဦးမှ ဝိုင်းလိုက်ကြသည်။
“ကျနော့်မိန်းမကျတော့ တမျိုးဗျ...”
“လုပ်ပါဦး ကိုပေါင်ပေါ်သားရဲ့....”
“ကျနော့်မိန်းမကျတော့ ကျနော် ဘာလုပ်လုပ် တခွန်းမှကို မပြောတာ အရက်ပဲသောက် သောက်၊ ဖဲပဲ ကစား ကစား၊ တခွန်းမှကို မပြောတာ။ ခင်ဗျားယူထားတဲ့မိန်းမက အအမလားမှ မသိတာ။ ဘယ်နဲ့ဗျာ ပြောတတ်ပါတယ်ဗျ ခင်ဗျားနှယ်။ သြော်-ဒါဆိုတော့ သူ့ယောကျာင်္းကို အတော် ချစ်ပုံရတယ်နော် ယောကျာင်္းဘာလုပ်လုပ် ဘာမှမပြောဘူးဆိုတော့။ ဟုတ်တယ် တခွန်းမှမပြောပဲ တွေ့ရာနဲ့ ကောက်ပစ်ပြီဆော်တာတခုပဲဗျ...”
ကိုပေါင်ပေါ်သားခေါင်းကို လူရွှင်တော်များ ဝိုင်းရိုက်စေ..။
“ကျုပ်မိန်းမကျတော့ တမျိုးဗျ...”
“လုပ်ပါဦး ကြားဖူးတာပေါ့ ကိုဘုစုခရုကလေးရေ...”
“လင်ကိုလဲ အရမ်းရိုသေတယ်။ အချက်အပြုတ်ကလဲ ပထမတန်းပဲ။ ညအိပ်ခါနီးတိုင်းလဲ နင်းနှိပ်ပြီး လင်ကိုရှိခိုးပြီးမှ အိပ်တာ။ အလှအပအတွက်ဆိုလဲ လင်ကို မပူဆာဘူး သူ့ရှိတာလေးနဲ့ လှအောင် ဝတ်တတ်တယ်။ ကုန်ကုန်ပြောမယ်ဗျာ နေတာထိုင်တာကအစ ဗိုင်ကောင်ကျောက်ပိနေတာဗျ...”
“သြော်..... တော်လေးဝဝင် အမျိုးသမီးဆိုတာ အဲဒါမျိုး ထင်တယ်နော်...”
“အင်း.....ပြောစရာက တခုပဲရှိတယ်ဗျ...”
“ဟာဗျာ ဒီလောက် တော်တဲ့ကောင်းမွန်တဲ့ မိန်းမကိုဗျာ အပြစ်တခုလောက်နဲ့ စာဖွဲ့မနေပါနဲ့ဗျာ အင်္ဂလိပ်စကားတောင် ရှိသေးတာပဲ နိုးဘာဒီပါဖက် အိပ်ဆက်သည်ဂေါ့တဲ့ဗျ မြန်မာလို ကဗျာ ဆန်ဆန် စာဆန်ဆန်ပြောရရင်တော့ ခြောက်ပစ်ကင်း သဲလှဲစင် ဆိုတာမျိုးလို့ပဲ ပြောရမလားတော့ မသိဘူး...”
“ခင်ဗျားကလဲ ဇွတ်ချည်းပဲ သေချာနားမထောင်ဘူး ကာယကံရှင် ပြောတာလဲ နားထောင်ဦးမှ ပေါ့ဗျ....”
“လုပ်ပါဦး ကိုဘုစုခရုကလေးရဲ့ အဲဒီပြောစရာက ဘာများလဲဗျ......”
“သူ့အပြစ်က ကျုပ် ခရီးသွားတိုင်း လင်ငယ်ကို အိမ်ပေါ်ခေါ်တင်ထားတာပဲဗျ...”
ကိုဘုစုခရုကို ဝိုင်းရိုက်နေကြစေ..။
“ကိုအရုပ်တမာ မိန်းမအကြောင်းလေး ပရိတ်သတ်သိအောင် ပြောပြပါဦးဗျ...”
“ကျနော့်မိန်းမ အကြောင်းလား မပြောချင်တော့ပါဘူးဗျာ....”
“မပြောချင်လဲ နေတော့....”
“ဟုတ်ဘူးလေဗျာ ပြောချင်လွန်းလို့ စကားခံတာလေဗျာ အကိုတို့ကလဲ စိတ်ကြီးပဲ...”
“မသိဘူးလေဗျာ ခင်ဗျားက မပြောချင်တော့ပါဘူးဆိုလို့ မပြောချင်လဲ မပြောနဲ့လို့ စေတနာနဲ့ ပြောတာပါ...”
“ကိုင်း..ကိုင်း... ကျုပ်တို့ချည်းပဲလဲ မပြီးသေးဘူး ဆရာတို့ရေ ကျုပ်တို့ရဲ့ အခြေသတင်းကြီးတဲ့ ရွှေမင်းသမီးလေးနဲ့ ပရိတ်သတ်ကြီးနဲ့ မိတ်လိုက်.. .အဲလေ ...မိတ်ဆက် ပေးရဦးမယ် မဟုတ်လားဗျာ... ကဲကဲ ဒီအထဲမှာ အကြီးဆုံး ဖြစ်တဲ့ ကိုရမ်းသမ်းရေ ခင်ဗျားပဲ ခေါ်ပါဗျာ...”
“ဟဲ့ ဘာကြီးတာလဲ မရှင်း၊ မရှင်းမလုပ်နဲ့နော်.....”
“အသက်ပြောတာပါဗျ ခင်ဗျားနှယ် အသက်ကြီးပြီး အချိန် မစီးဘူး...”
“အို... ခင်ဗျားကလဲ ကျုပ် အသက်က အခုမှ ၁၅နှစ်ကို နှစ်၂၀စွန်းရုံလေးပဲ ရှိသေးတာပါဗျ.....”
“ကဲ..ကိုယ့်ဆရာ စကားမရှည်နဲ့တော့ ခေါ်စရာ ရှိတာခေါ်ဗျာ ပရိတ်သတ်ကြီးက ရှေ့ထွက် မင်းသမီးလေး ကြည့်ချင် မြင်ချင်လှပြီ ခေါ်ပါတော့ဗျ...”
“ကဲဗျို့ မင်းသမီးချောလေးကို ပွဲထုတ်ဖို့ အချိန်တန်ပြီမို့ ဗိုက်ပူလို့ တင်ကား... အသားကမည်း၊ သွားကကျဲ၊ ဂုဏ်ရှိန်တွေ အသွင်ထူးပါတဲ့ မင်းသမီးလေး ဒွင်းဒွင်းစိန်..... ရေ......”
“အကိုတို့ရေ မင်္ဂလာပါရှင်..”
“မင်္ဂလာပါ ဒွင်းလေးရေ...။ အခုလို ဘလော့ဂါ အငြိမ့်ပွဲမှာ ခြေသတင်းကြီးတဲ့ ရွှေမင်းသမီးလေး အဖြစ်နဲ့ ကပြ အသုံးတော်ခံရတာ သမီးအနေနဲ့ အင်မတန်မှပဲ ဝမ်းသာ ဂုဏ်ယူမိပါတယ်ရှင်...”
“ဂုဏ်ယူစရာပါပဲ ဒွင်းလေးရေ။ ကျနော်တို့ အနေနဲ့ ဇာတ်ဆရာ ကိုအိမ့်ကိုလဲ ကျေးဇူးမမေ့ သင့်ပေဘူးဗျ သူစပွန်ဆာ ပေးလို့လဲ ကျုပ်တို့တွေ အခုလို ဘလော့ဂါ အငြိမ့်ဆိုပြီး ဖြစ်လာတာပဲ မဟုတ်လားဗျာ...”
“ဟုတ်ပါ့ဗျာ ကျုပ်တို့ အနေနဲ့ သူနဲ့ အပြင်မှာ တွေ့ခဲ့ရင် ဝိုင်းရိုက်ကြဖို့... ဟုတ်ပေါင်.. ဝိုင်းပြီးပြုစု ကြဖို့ မမေ့သင့်ပေဘူးဗျ။ မှန်ပါ့ဗျာ ကိုပေါင်ပေါ်သားရေ မြန်မာလူမျိုးတို့ရဲ့ ထုံးတမ်းစဉ်လာ အရ ကျေးဇူးရှိသူကို ကျေးဇူးကမ်းတာ ထုံးစံ မဟုတ်လားဗျ...”
“အာ.. ကိုအရုပ်တမာကတော့ လုပ်ပြီ ကျေးဇူးရှိသူကို ကျေးဇူးဆပ်တယ် လုပ်ပါဗျ ဘယ်နဲ့ ကျေးဇူးကမ်း ဖြစ်ရတာတုန်းဗျ...”
“ခင်ဗျား ခေတ်နောက်ကျနေပြီ ထင်တယ် ကိုဘုစုခရုကလေးရေ ခုခေတ်က ကျေးဇူးဆပ်တာ မဟုတ်ဘူး ကမ်းတဲ့ ခေတ်ဗျ...”
“ကဲကဲ... အကိုတို့ရေ သမီး ရွှေပွဲလာ ဧည့်ပရိတ်သတ်ကြီးကို သမီးရဲ့မျက်စေ့နောက်စရာ ကောင်းလှတဲ့ အကနဲ့ ဖျော်ဖြေချင်လှပါပြီ”
“ကဲ.... အသုံးတော် ခံစေဗျား...”
“ဒါနဲ့ ဘယ်လို အကကပြီး ဘာသီချင်းနဲ့များ အသုံးတော် ခံမှာတုန်းဗျ..။ ဟုတ်ကဲ့ သမီးကို ဇာတ်ဆရာ အူးအိမ်ကနေပြီး သေသေချာချာ လက်ထပ်သင်ပေး ထားတဲ့ ဆပ်ပြာသည်လင်ပျောက် အကနဲ့ ဖျော်ဖြေပါရစေလားရှင်...”
“ဘုရား..ဘုရား.... သေသေချာချာ လက်ထပ်သင်ပေးတယ် ဆိုပါလား...”
“အို....အကိုတို့ကလဲ အီးရဲ့သမူးကို ဟုတ်ပေါင် သမီးရဲ့ဦးကို အဲလို မပြောပါနဲ့ ဦးက သဘော ကောင်းပါတယ်၊ သေချာ လက်ထပ်သင်ပေးတယ်ဆိုတာက စည်းနဲ့ဝါး ကစပြီး လက်အယူအသိမ်း၊ အထိုင်အထ အလည်၊ မျက်နှာပေး အဆုံးသေချာသင်ပေးတာကိုပြောတာပါ...”
“အိမ်း.... တို့အကိုအိမ်ကိုလဲ ရွာမှာ သွားပြီး သင်ခိုင်းဦးမှပဲဗျာ ရွာက လူတွေက စည်းနဲ့မဝါးပဲ ကြုံသလိုဝါးနေတာတွေ၊ လက်အယူ အသိမ်းမြန်တာတွေ၊ ထိုင်ပြီးရင် ပြန်မထချင်တာတွေ မျက်နှာက တလောကလုံး သူတို့ လုပ်စာ ထိုင်စားနေတဲ့ ပုံစံတွေကို သေချာသင်ခိုင်းဦးမှပဲ... မကောင်းဘူးလား ကိုအရုပ်တမာရေ...”
“မလုပ်ခိုင်းပါနဲ့ဗျာ တော်ကြာ တို့ကိုကြီးအိမ်ပါ သူတို့သင်ပေးတာမှာ သူတို့က ပြန်သင်ပေးလိုက်လို့ ဓာတ်တွေ ကူးကုန်ပါ့မယ်ဗျာ နေပါစေတော့..”
“ကိုင်း..... စကားချည်းပြောနေလို့ မပြီးသေဘူးဗျို့ ရွှေပွဲလာ ဧည့်ပရိတ်သတ်ကြီးကတော့ မင်းသမီးလေးကို မြင်နေပြီ သူ့ရဲ့ ရင်သတ်ရူမောဖွယ် အကလေး၊ အသံလေးဖျော်ဖြေတာ မြင်ချင်လှပါပြီတဲ့ဗျာ ကဲ... ရွာစားကျော် ကိုဖိုးစိန်ရေ အခြေသတင်းကြီးတဲ့ ရွှေမင်းသမီးလေး အကကို ပရိတ်သတ် ရှုစားနားဆင်ရအောင်... ရွာစားရေ ဖေးမလို့ ပေးပါဦး.....ဗျ...............”
ရွာစားကျော်ကိုဖိုးစိန်မှ ပွဲစမှာ တီးခဲ့တဲ့ အရူးမီးဝိုင်း တီးလုံးနဲ့ စတင် တီးခတ်လိုက်ရင်ကိုပဲ...။ “မြင်မြင်ချင်းပင် ဘာကြောင့်များ ရိုက်ချင်တယ် ဘဝဟောင်းက သူ့ရန်ကြွေးကြောင့် ထင်တယ်+++++ ယုံကြည်ပါနော်တကယ် ကျမမှာအစဉ်တကယ် ရှင့်ကိုသာကွယ် ရိုက်++သတ်ချင်တယ်+++++ +++++++++++++ သိကြားမင်း ဖျက်တောင် မပျက်နိုင်ပါဘူး ရှင်တခွက်လောက် သောက်ရင် ပုဆိုးစလွယ်သိုင်းချင် တစ်ပုလင်းသောက်တော့.... အရပ်ကိုလှည့်လို့ မေတ္တာတိုးအောင် အော်ဆဲသရှင်++++ ဖဲရိုက်တာ++ဂျင်ကစားတာတွေ အစုံအလင်++ ကြက်တိုက်တာ၊ကျားထိုးတာ တနေ့လုံးပင်++++ ညဘက်မှာတွက်ချက်တာလဲ မပျက်ပေါင်ရှင်++++ သူ့ကိုသာပင် စိတ်ထဲက အသည်းရော အူရောပင် သတ်မယ် ကြံသရှင် တနေ့ကိုးကြိမ်မကအောင် ပါပဲရှင်++++ ညအိပ်ယာထဲဝင်++++ ဘုရားရှိခိုးရင် သူ့ကိုရည်မှန်းကာ အသက်တိုပါစေ၊ အမှုပိုပါစေရှင်++++”
“အကိုတို့ရေ သီချင်းလေးက မကောင်းဘူးလားရှင်...”
“ကောင်းပါ့မင်းသမီးလေးရေ နားထောင်နေရတဲ့ ပရိတ်သတ်ကြီးတော့ မသိဘူး ကျုပ်တို့မှာတော့ ဘယ်သူများလဲလို့ အတွေးပွားနေရတယ်ဗျို့...”
“သမီးပရိတ်သတ်ကြီးကို နောက်သီချင်းတပုဒ်နဲ့ ထပ်ဖျော်ဖြေပါရစေလားရှင်...”
“ကဲ .... ရူစားနားဆင်ပါရစေဗျား...”
“အရက်ဆိုတာ ပူလောင်တဲ့ မီးတောက်ငယ်တခု+++ ဘယ်သူမပြုမိမိမှု +++ သောက်ကြည့်လိုက်ပါ အခု၊++ အရသာဟာ ခါးသီးလို့++ သောက်လိုက်မယ် ဂလု+++ ၄၁ထက်ဒီဂရီကျော်ရင် အန်ဖတ်တွေစု++++ ဇရပ်မင်းစည်းစိမ်++++ ဆိုတာကရော +++နောက်နေ့အတွက် ခေါင်းကိုက်စရာ+++++ အရက်သောက်မြစ်တခု....”
“ဖျောင်းဖျောင်းဖျောင်း.... လှလိုက်တဲ့ ကွက်တွေဗျာ ဘယ်လိုကသွားမှန်းတောင် မသိလိုက်ဘူး။ ခင်ဗျားနှယ် ဆပ်ပြာသည်လင်ပျောက် အကပါဆိုမှတော့ ဒီလောက်တော့ ရှိမှာပေါ့ဗျာ....”
“ကဲဗျို့ မင်းသမီးအလှည့်ပြီးတော့ ကျုပ်တို့ အလှည့်ရောက်လာပြီဗျ.. ဒီတော့ အလှည့်ကျရင် မနွဲ့ကြစတမ်းကိုးဗျ နော... ဒီတော့ ကျနော်က သံချပ်တိုင်မယ် ခင်ဗျားတို့က လိုက်ဆိုဗျာ ပျော်ပျော်ပါးပါးပေါ့ ဟုတ်ဘူးလား။”
“အိုကေဗျာ ကောင်းတယ်ဗျို့ ကိုခြေကျိုးခြင်းရေ လုပ်ဗျာ မြန်မြန်လေး ဆိုချင်လှပြီ....။ ကဲ..စလိုက်ကြရအောင်...” (ရွာစားကျော် ကိုဖိုးစိန်ကို လက်ဖြင့် အချက်ပြလိုက်သည်)
“မိုး..မိုး...မိုးလားမောင်တို့.. ကျုပ်အော်ရင် ခင်ဗျားတို့က လေ..လေ..လေ.လားမောင်တို့ ..လို့ ပြန်အော်ပေး အဲဒီလိုပဲ ကျုပ်လေ..လေ လေလားမောင်တို့ဆို ခင်ဗျားတို့က မိုး..မိုး..မိုးလားမောင်တို့ ပြန်အော်မယ် ဟုတ်ပြီလား...”
“အိုကေဗျာ စမယ်... ဝမ်း၊ နှစ်၊ သရီး..... မိုး...မိုး...မိုးလာမောင်တို့ ”
“လေ..လေ.. လေလားမောင်တို့..”
“လေ...လေ..လေလားမောင်တို့”
“မိုး...မိုး...မိုးလားမောင်တို့”
“နိုင်ငံ့အကျိုးသယ်ပိုးနေ .... လေ..လေ.. လေလားမောင်တို့...”
“ဟဲ့ဟဲ့ ဘယ်နဲ့လေ..ရမှာတုန်း အမှန်အကန် လုပ်နေကြတာ ခင်ဗျားတို့ အမြင်ပဲလေဗျာ အဲသလိုတော့ မစော်ကားပါနဲ့ မကူညီချင်နေ မနှောက်ယှက်ပါနဲ့။ ကဲ...ကျုပ် နိုင်ငံ့အကျိုးသယ်ပိုးနေ တို့ပြည်သူတွေ ကောင်းစားစေဘို့ အဲလိုဆိုပါဗျ ....”
“သိဘူးလေ ခင်ဗျားက အစကထဲကမှ မပြောတာပဲ ... ကဲပြန်ဆိုစေဗျာ စိတ်ကြိုက် ဖြစ်စေရမယ်...”
“နိုင်ငံ့အကျိုးသယ်ပိုးနေ.... တို့ပြည်သူတွေ ကောင်းစားစေဘို့”
“တို့ပြည်သူတွေ ကောင်းစားစေဘို့ ..... နိုင်ငံ့အကျိုးသယ်ပိုးနေ...........”
“တို့နိုင်ငံမှာ လာဘ်စားနေတာ .... တို့ပြည်သူတွေ ကောင်းစားစေဘို့.....”
“အာ ...လုပ်ပြန်ပြီ လာဘ်စားတာ ပြည်သူတွေ ဘယ်လိုကောင်းစားမှာလဲဗျ သူတို့ မိသားစုပဲ ကောင်းစားမှာပေါ့..ဟ..”
“ခင်ဗျားက အစကထဲကမှ မပြောတာပဲဟာ ဘယ်လိုသိမှာလဲ”
“ကဲ..ဒါဆိုရင် ကျုပ်က တို့နိုင်ငံမှာ လာဘ်စားတာ မကျေနပ်ရင် ဖုန်းဆက်တိုင်ကြလို့ ခင်ဗျားတို့က ပြန်ဆိုမယ် အိုကေ... ပြန်စမယ်...”
“တို့နိုင်ငံမှာ လာဘ်စားနေ....”
“မကျေနပ်ရင်ဖုန်းဆက်တိုင်ကြ ...”
“မကျေနပ်ရင် ဖုန်းဆက်တိုင်ကြ...”
“တို့နိုင်ငံမှာ လာဘ်စားနေ...”
“ဒါနဲ့ မသိလို့ မေးရဦးမယ် ကိုခြေကျိုးခြင်းရေ အဲလို ဖုန်းဆက်တော့ရော တကယ် အရေးယူလို့ လားဗျာ... ကျနော်တော့ တခါမှကို မကြားသေးဘူး လာဘ်စားလို့ အရေးယူတယ်ဆိုတာ...”
“ဟေ့... ဆရာတို့ သံချပ်တိုင်စရာ ရှိတာတိုင်ပါ နိုင်ငံရေးတွေ မပါကြေးနော်...”
“ပြန်စမယ်... ကျုပ်က ဘတ်စ်ကားစီးတဲ့ ခရီးသည်တွေလို့ အော်ရင် ခင်ဗျားတို့က ထိုင်ခုံလုတာ ခဏ၊ခဏ ပါပဲလို့ ပြန်အော်မယ် ဟုတ်ပြီနော် ..”
“အိုကေ စမယ်ဗျာ... ဘတ်စ်ကားစီးတဲ့ ခရီးသည်တွေ....”
“ထိုင်ခုံလုတာ ခဏ၊ခဏပါပဲ...”
“ထိုင်ခုံလုတာ ခဏ၊ခဏပါပဲ....”
“ဘတ်စ်ကားစီးတဲ့ ခရီးသည်တွေ....”
“တို့နိုင်ငံက လူကြီးတွေ..... ထိုင်ခုံလုတာ ခဏ၊ခဏ ပါပဲ.....”
“ဟေ့ဟေ့.... အာ... ခင်ဗျားတို့ အဖမ်းခံရတာ့မှာပဲဗျာ..”
“သိဘူးလေ ခင်ဗျားက အစထဲကမှ မပြောတာ ဘယ်သိမလဲ...”
“ခင်ဗျားတို့ကလဲ ညံ့လိုက်တာဗျာ မြန်မာတွေ လုပ်နေပြီးတော့ ကျုပ်တို့ မြန်မာတွေ ဘယ်လောက်တောင် အရည်အချင်းရှိလဲဆိုရင်... အမှုတခု ဖြစ်ပြီဆိုရင် ဒီအမှုရဲ့ အဆုံးသတ်ကို သိပြီးသား၊ အဲဒီလိုပဲ ဇာတ်ကားတကား ကြည့်တယ်ဆိုရင် ဇာတ်လမ်း အဆုံးသတ်ကို သဘောပေါက်ပြီးသား သဘောကတော့ ဒီဇာတ်လမ်း ဘယ်လို အဆုံးသတ်မလဲဆိုတာ သိပြီးသားလေ... ဟဲဟဲဟဲ...။ အခုတော့ ခင်ဗျားတို့က နိုင်ငံက လူကြီးတွေရဲ့ စေတနာနဲ့ မေတ္တာကို စော်ကားလိုက်သလိုပဲဗျာ ..နောက်ကို အပြောအဆိုဆင်ခြင်ပါဗျာ...”
“မသိလို့ပါ အကိုခြေကျိုးခြင်းရယ် နောက်ဆို ဆင်ြခင်ပါ့မယ်ဗျာ..။ ကောင်းပြီ ပြန်စမယ်.. ကျုပ်က... တို့နိုင်ငံက လူကြီးတွေ လို့အော်ရင် ခင်ဗျားတို့က ကျန်းမာစေကြောင်း၊ မာစေကြောင်း.. ဒီလို ပြန်အော်ရမယ်..ဟုတ်ပြီနော်..”
“အိုကေ စပြီဗျာ တို့နိုင်ငံကလူကြီးတွေ... ကျန်းမာစေကြောင်း”
“မာစေကြောင်း...”
“ကိုင်း... ဆ၇ာတို့ရေ အချိန်လဲ စေ့တော့မယ်ဗျာ စာဖတ်သူတွေလဲ မျက်စေ့ညောင်းလောက် ရောပေါ့။ ကျုပ်တို့ရဲ့ နောက်ထွက် မင်းသမီးလေးကို ပွဲထုတ်ကြပါစို့လားဗျာ...”
“ဟ.. ရှေ့ထွက်မင်းသမီးနဲ့ ခေါင်းဆောင် မင်းသမီးပဲ ရှိပါတယ်ဗျာ...”
“အိုး... အဲဒါက အပြင်မှာ ကျုပ်တို့ ဘလော့မှာတော့ နောက်မှထွက်ရင် နောက်ထွက်ပဲ...”
“ဟုတ်ပါပြီ... ကဲ... နောက်ထွက်မင်းမီးချောလေးကို ပရိတ်သတ်ကြီးနဲ့ ပေးတွေ့လိုက်ကြရ အောင်လာဗျာ...”
“ကိုရမ်းသမ်းရေ ခင်ဗျားပဲ ခေါဗျာ ...”
“ခေါ်တယ် လုပ်ပါဗျာ.. ခင်ဗျားကလဲ...”
“ခေါ်ပြီဗျာ... အဟမ်း...အဟမ်း... နိုင်ငံတလွှားရှာမှရှားတဲ့ အသပြာမမက်ဘဲ ခါးချိအောင်ရေးနေ ပါတဲ့ ဘလော့ဂါသူလှပျိုဖြူလေးဖြစ်တဲ့ မင်းသမီးလေး ပြာကလပ်စိန်အဖြစ်နဲ့ မီးလေး.......ရေ...”
“အားလုံးပဲ မင်္ဂလာပါရှင် ...”
“မင်္ဂလာပါ ပြာကလပ်စိန်လေးရေ...”
“သမီးအနေနဲ့ အခုလို ဘလော့ဂါ အငြိမ့်မှာ ပါဝင်ကပြဖျော်ဖြေရတဲ့ အတွက် အတိုင်းမသိဝမ်းသာ ပျော်ရွှင်မိပါတယ်ရှင်....”
“ဟုတ်ပါ့ဗျာ ကျနော်တို့လဲပျော်ရွှင် မိပါတယ်ဗျာ”
“ကဲ... မင်းသမီးလေး ပြာကလပ်စိန်ရေ အချိန်ရှိခိုက် လုံ့လစိုက်လိုက်ကြရအောင်လားဗျာ...”
“သမီးကပြ အသုံးတော်ခံမှာကတော့ အူးအိမ်ကနေပြီး သေသေချာချာ ကိုယ်ဖိ၊ရင်ဖိ သင်ပပေးထားတဲ့ မျောက်မူးလဲ အကနဲ့ ကပြဖျော်ဖြေမှာပါရှင်...”
“ဘုရားဘုရား လာပြန်ပဟ နောက်တယောက် ပထမတယောက်တုန်းက သေချာ လက်ထပ်သင်ပေးတာတဲ့၊ ခုတယောက်ကျတော့ ကိုယ်ဖိ၊ရင်ဖိ ဆိုပဲ... ကျုပ် လူရွှင်တော် မလုပ်စားတော့ဘူးဗျာ ဇာတ်ဆရာပဲ လုပ်စားတော့မယ်...”
“အို.. အကိုကလဲ အူးကို အဲလိုမပြောပါနဲ့ အူးက သဘောကောင်း၊ မနောကောင်း၊ သဘောဖြူအူစင်းကြီးပါရှင့်..”
“သဘောကောင်း မနောကောင်းကတော့ ထားပါတော့ အူစင်း၊ မစင်း မင်းသမီးက ဘယ်လိုသိတာလဲ...”
“သိတာပေါ့ရှင့် လူတယောက်အကြောင်း ပေါင်းကြည့်တာနဲ့ သိသာပါတယ်...”
“မင်းတို့ကလဲကွာ တို့ကိုကြီး အိမ်ဆို မှိုချိုး၊မြှစ်ချိုး၊ ကန်ဇွန်းရွက်ချိုးသလို ပြောချင်နေကြတော့ သကိုး... တကယ်တော့ တို့ အကိုကြီးက ကြောင်းပါးကြီးပါကွ...”
“ဟေ့လူ... ကိုပေါင်ပေါ် ခင်ဗျားပြောမှပဲပိုဆိုးနေတယ် တော်ပါတော့ဗျာ သူ့ခမျာလဲ ခင်ဗျားတို့လုပ်မှ ခွေးလုံးလုံး ဖြစ်လိုက် ၊ ကြောင်းလုံးလုံး ဖြစ်လိုက်နဲ့...”
“ဟာ...ဟေ့လူ အဲလိုမပြောနဲ့ ကျုပ်က ကြောင်နဲ့ပဲ နှိုင်းသေးတာ ခွေးဝဲစားပါလို့ မပြောသေးဘူး...”
“ဟုတ်ပါတယ် မပြောသေးပါဘူး ဒါပေမဲ့ မင်းသမီးက ဦးလို့ခေါ်တာ အူး.. အူး ..အူး နဲ့ခေါ်နေတော့ ဟိုတယောက်လဲ ကြာရင် ခွေးလို ထအူဖို့ပဲ ကျန်တော့တယ်...”
“ခင်ဗျားလုပ်မှ ပိုဆိုးနေတယ်ဗျို့....”
“ကိုင်း... မင်းသမီးလေးရဲ့ ရူမငြီးတဲ့ ရုပ်ကလေးကို ခံစားကြည့်ရူရင်း၊ အကလေးနဲ့ အသံလေးပါ တွဲဖက်ကြည့်ရအောင် ရွာစားကိုဖိုးစိန်ရေ ဝိုင်းလို့မပါဦး.........ဗျ.....”
ကိုဖိုးစိန်မှ ကုလားသိုက် ကျားဝင်ကိုက်သလိုမျိုးအတီးလေးနဲ့ စတီးလိုက်ရင်ကိုပဲ...........။ “ကျနော့်ယောက္ခမ ဒေါ်စိန်ဖြူ ကျောမှာ၊ရင်မှာ အမွှေးတွေထူ++++ အများနဲ့မတူ၊ ကုလားနဲ့ယူ စံပယ်ကြည့် ကြည့်ရင် ရိုက်ချင်တယ်တမူ၊ အဲချင်စရာလဲ ကောင်းလှသူ ကျနော့် ယောက္ခမ၊ ယောက္ခမ ဒေါ်စိန်ဖြူ+++ ဂီတကိုလဲ မုန်းလေးသူ ယောက္ခဒေါ်စိန်ဖြူ၊ ကျန်းမာရေးလဲ မလိုက်စားသူ ယောက္ခမဒေါ်စိန်ဖြူ++++++ ပုသိမ်ထီးလေးနဲ့ ဈေးသွားဈေးပြန် အတင်းတုတ်သူ++++ ကျနော့် ယောက္ခမ၊ယောက္ခဒေါ်စိန်ဖြူ........”
“အကိုတို့ရေ သမီးနောက်တပုဒ်နဲ့ ဆက်လက်ဖျော်ဖြေချင်တာကတော့.. ဒီလိုပါတဲ့ရှင်..... ”
“တခန်းစီခြားပေမဲ့ အမှုတွဲထားသူ သူ့ကိုသာလေ ကျန်းမာတော်မူပါစ အချုပ်ခန်းကြားက ခွန်းဆင့်ခြွေရဲ့လေ ++++ ချစ်သူမောင်ရေ++++ အရင်တုန်းကလေ ညစဉ်၊ ညတိုင်းထွက်ကဲ တာတွေ အခုများတော့ လူသိရှင်ကြား ဖြစ်ပြီထင်ရဲ့လေ++++ ချစ်သူရေ++++ ထောင်ထဲမှာ ပျော်တယ်ဆိုတဲ့ မောင်ရေ.. မောင်ရေ အခုများတော့+++ တခန်းစီခြား...... နေပြီ... မောင်..... ရေ..........”
အချိန်စေ့ပြီ ဖြစ်သောကြောင့် လူရွှင်တော်များနှင့် ရှေ့ထွက်မင်းသမီးနှင့်နောက်ထွက် မင်းသမီးတို့ကနေပြီး ပရိတ်သတ်ကြီးကို လက်အုပ် ချီမိုးရင်း... ကတ္တီပါ ကားလိပ်ကြီး ကျလာပါ တော့တယ် ....ခင်ဗျားးးးးး။
ကျနော်အခုရေးထားတာတွေက ဖတ်ဖူး၊ကြည့်ဖူးတဲ့ စာအုပ်၊ ဗီဒီယိုတွေထဲက စကားလုံးများကို မှတ်မိသလောက် ပြန်လည်ခိုးချ..အဲလေ ရေးပြလိုက်တာပါ တချို့ကတော့ ကိုယ်ပိုင် စကားလုံးများ ဖြစ်ပါကြောင်း... ဘလော့ဂါ အငြိမ့်ပွဲ ၂ ကိုတော့ ကိုမြစ်ကျိုးအင်းကနေပြီး ဆက်လက် ရေးသားပါမယ် ဆိုတဲ့ အကြောင်း ပြောကြားရင်း............။
Labels:
ဟာသ
Subscribe to:
Posts (Atom)

