ချစ်ညီမလေး အလွမ်းအိမ်က မီးလေး စီပုံးမှာ ကထိန်ခင်းလို့ မရဘူးဆိုတာ လာမေးထားတော့ မီးလေးသိသမျှ၊ ဖတ်သမျှတွေနဲ့ ဦးဏှောက်ထဲက ညစ်ထုတ်၊ စာအုပ်တွေရှာပြီး ရေးပေးလိုက်ပါတယ် ညီမရေ။ အရှင်အာစာရာ လင်္ကာရရေးသားတော်မူတဲ့ ကထိန်အကြောင်း သိကောင်းစရာများထဲစာအုပ်များထဲမှာ ကောက်နုတ်ရေးသားထားပါတယ်။
ဂေါတမဘုရားလက်ထက်တော်၌ ပါဝေယျတိုင်းသားဖြစ်ကြသော ဘဒ္ဒ၀ဂ္ဂီညီနောင် သုံးကျိပ်တို့ကို အကြောင်းပြု၍ ခွင့်ပြုတော်မူခဲ့ခြင်းဖြစ်တယ်လို့ သိရှိခဲ့ပါတယ်။ ထိုညီနောင်သုံးကျိပ်တို့သည် သာသနာ၌ ထင်ရှားသော စစ်ဘုရင် “ပသေနဒီ ကောသလ” မင်းကြီးနှင့် ညီအစ်ကို တော်စပ်ကြသူများ ဖြစ်ကြပါတယ်။ ဗုဒ္ဓမြတ်စွာ ဘုရားဖြစ်တော်မူခါစ ဗာရာဏသီပြည်မှ “ဥရုဝေလ” တောအုပ်သို့ ကြွတော်မူရာ တစ်ခုသော တောအုပ်ဝယ် မိန်းမပျောက် ရှာဖွေစဉ် ဘုရားရှင်နှင့်တွေ့၍ ဧဟိဘိက္ခုရဟန်းဖြစ်ကာ တရားထူး ရခဲ့ကြသူများလည်း ဖြစ်ကြပါတယ်။
ထိုရဟန်းသုံးကျိပ်တို့သည် ပါဝါမြို့မှ သာဝတ္ထိမြို့သို့ ဘုရားရှင်အား ဖူးမြော်ရန်လာရာ ၀ါဆိုအမီ မရောက်နိုင်ခဲ့ကြသဖြင့် သာကေတမြို့၌ ၀ါကပ်ဝါဆိုခဲ့ကြရလေသည်။ ၀ါလကင်းလွတ် သီတင်းကျွတ်၍ ပ၀ါရဏာပြုပြီးသောအခါ သာဝတ္ထိသို့ ဆက်လက်ကြွချီတော် မူကြရာတွင် ၆ယူဇနာ(၄၂မိုင်ခန့်) ဝေးကွာပါတယ်။ လမ်းခရီး၌ မိုးသည်းထန်စွာ ရွာသွန်းလာသဖြင့် ရေ၊ ရွှံ့ညွှန်တို့ဖြင့် စိုစွတ်လျက် ဘုရားရှင်အား ဖူးမြော်ကြရပါတယ်။ ကထိန်အာနိသင်ငါးမျိုးအနက် “အသမာဒါန စာရ” အကျိုးဟုခေါ်သော သင်္ကန်းသုံးထည်လုံးကို ဆောင်ယူဖွယ်မလိုခြင်း လွတ်လပ်ခွင့်ရသဖြင့် ဘဒ္ဒ၀ဂ္ဂီရဟန်းများဟာ ခုလိုဒုက္ခမျိုးကို မတွေ့ကြုံနိုင်တော့ပေ။ မြတ်စွာဘုရားသည် ခွင့်မပြုရသေးသော ရဟန်းတော်များ ဆင်းရဲဒုက္ခရောက်ကြရ သည်ကို မြော်မြင်တော်မူကာ ပထမ၀ါ(ပုရိမ၀ါ)ကျွတ်ပြီးသော ရဟန်းတို့အား အကျိုးငါးမျိုးကိုပြ၍ ကထိန်ခင်းရန် ခွင့်ပြုတော်မူခဲ့ပါသည်။
ကထိန်ခင်းလိုက်သဖြင့် ရရှိနိုင်သော အကျိုးအာနိသင်ငါးပါးကို ကထိန်ခင်းသောရဟန်းနှင့် နှုတ်မြွက် သာဓုအနုမောဒနာပြုသော ရဟန်းတို့သည် ကထိန်ခင်းသောနေ့မှစပြီး တပေါင်းလပြည့်နေ့တိုင်အောင် ရယူခံစားနိုင်ခွင့်ရှိကြပါတယ်။ ကထိန်ခင်းနိုင်ခွင့်ကို သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်းသာ ခင်းခွင့် ရှိပါတယ်။ မီးလေးတို့ အခုအခါမှာ ကထိန် ခင်းတယ်လို့ ပြောဆိုနေကြသည်မှာ အမှန်မဟုတ်ပါ။ ဒါယိကာ၊ ဒါယိကာမတို့ အနေဖြင့် ကထိန်မခင်းနိုင်။ ကထိန်ခင်းဖို့အတွက် ရဟန်းတို့အား သင်္ကန်းကို ပေးလှူသူမျှသာ ဖြစ်နိုင်ကြပါတယ်။ ဒါပေမဲ့ အများစု ကတော့ ဒီနှစ်တော့ ဘယ်ကျောင်းမှာ ကထိန်ခင်းမှာ ဘယ်လောက်လောက်ကုန်မှာဟု ကြွားဝါသည်ဖြစ်စေ၊ သူတပါးအား ပြောပြသည်ဖြစ်စေ၊ ကိုယ်ကောင်းမှုကုသိုလ် ဘယ်လိုလုပ်ကြောင်း တခြားသူအား ပြောပြခဲ့ ပါလျှင် ကုသိုလ်အားလုံး ပျက်ပြယ်တတ်ပါတယ်။
အလွမ်းအိမ်မေးသလို ကထိန်မခင်းနိုင်သော ရဟန်း၊ သံဃာများဟာ
ထိုသို့မဟုတ်လျှင် ကထိန်မခင်းသော်လည်း ကထိန်ကာလတွင် အာနိသင်ငါးပါးထဲမှ ဒုတိယမြောက်ဖြစ်သော “အသမာဒါန စာရ”မှ လွဲ၍ ကျန်လေးပါးကို ရရှိနိုင်စွမ်းရှိပါတယ်။ ရဟန်းများဟာ ၀ါဆိုသည့်ကျောင်းတိုက်မှ ၀ါကျွတ်ကာလအထိ ညအိပ်ညနေ အပြင်ထွက်ခွင့်မရှိပါဘူး။ အရမ်းအရေးကြီးသော ကိစ္စနှင့် မဖြစ်မနေ သွားရမည့် ဆိုခဲ့လျှင်ပင် ကျောင်းတိုက်၏ ခွင့်ပြုချက်ဖြင့် ၀ါပန်ပြီးမှသာ သွားခွင့်ရှိပါတယ်။ ၀ါပန်ပြီး ညအိပ် ညနေသွားခဲ့လျှင်လည်း အများဆုံး ၇ရက်သာ(မသေချာပါ) သွားခွင့်ရှိပြီး ထပ်ပြီးနေရမည်ဆိုလျှင် မိမိနေသော ကျောင်းတိုက်သို့ ပြန်၍မရသိ အရပ်ဖြစ်ခဲ့လျှင် နီးစပ်ရာ ကျောင်းတိုက်၌ ထပ်ပြီး ၀ါပန်ရပါတယ်။ ထိုသို့သော ရဟန်း၊ သံဃာများကို ၀ါကျိုးသည်ဟု မခေါ်ပါ။
- ပထမ၀ါမဆိုရသေးသူ
- ၀ါကျိုးဝါပြတ်သူ
- ပစ္ဆိမ၀ါကပ်သူ (ဒုတိယ၀ါဆို၊ ၀ါကပ်သူ)နှင့်
- အခြား ကျောင်းတိုက်၌ နေသောသူများသာ ကထိန်အာနိသင်ငါးပါးကို မရရှိနိုင်ပါ။
ချစ်ညီမလေးရေ ဒီလောက်နဲ့ ခဏနားထားမယ်နော်... နောက်မှ ကထိန်အာနိသင် ငါးမျိုးကို ထပ်တင်ပေးပါမယ်...
Monday, November 12, 2007
ကထိန်အကြောင်း တစေ့တစောင်း
Subscribe to:
Post Comments (Atom)
2 comments:
မရေ ကျေးဇူးပဲ။ ခုမှ သဘောပေါက်တော့တယ်။ ကျေးဇူး အရမ်းတင်တယ်။ မ ကအသက်ငယ်ပေမဲ့ ဘာသာရေး အသိအမြင်တော်တော် များတယ်။ ဂုဏ်ယူပါတယ်။
မီးလေးရေ ကျေးဇူးကွာ ဗဟုသုတရတယ်ဗျာ ကထိန်အာနိသင် ငါးမျိုးကို လဲ ထပ်တင်ပေးလေ စောင့်ဖတ်မယ်
Post a Comment